Tuesday, April 1, 2014

ဆေးရုံကြီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု အားရ၊ ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေး

နေပြည်တော် မတ် ၃၁
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ခုတင် ၁၀၀၀ ဆံ့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့် မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ် (မန္တလေး)၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း(မန္တလေး)တို့၌ ဒေသခံပြည်သူ များအား ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင် ရွက် ပေးနေ မှုနှင့် ဆေးပညာ ဆိုင်ရာ သင်ကြား နေမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေး ပြီး ဆွေးနွေးမှာကြားသည်။





ကြိုဆို ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် အတူ ချမ်းအေးသာစံမြို့နယ်ရှိ ခုတင် ၁၀၀၀ ဆံ့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး တည်ဆောက်နေမှု လုပ်ငန်း ခွင်သို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်ဝင်း၊ ပါမောက္ခ ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယ သမ္မတသည် မြေညီထပ်ရှိ ကွန်ပျူတာဖြင့် ပုံရိပ်ဖော် ရောဂါရှာဖွေရေး စက်နှင့် တတိယ ထပ်တွင် အစာအိမ်နှင့် အူလမ်း ကြောင်း မှန်ပြောင်းကြည့် ရောဂါ ရှာဖွေရေး စက်တပ်ဆင်ထားရှိမှု၊ ကိုးလွှာတွင် တည်ဆောက် နေသည့် စားသောက်ဆိုင် ခန်းအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယ သမ္မတသည် အသည်း အထူးကု ဌာနသို့ ရောက်ရှိပြီး ဖျားနာကုသဆောင်များ၊ သီးသန့် ဆေးကုသဆောင်၊ ရင်ခေါင်းဆေးကု ဌာနနှင့် အသည်း အထူးကု ဌာနများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဖျားနာ ကုသဆောင် (၂)တွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေကြ သူများအား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ဆေးရုံကြီးသို့ တက်ရောက် ဆေးဝါး ကုသမှု ခံယူလာကြသည့် ဒေသ အသီးသီးမှ လူနာများ၏ မိသားစု ဝင်များအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အထူးကြပ်မတ် ကုသဆောင်၊ ခွဲစိတ် ကုသဆောင်(၃)ရှိ အမျိုးသားလူနာ ဆောင်နှင့် အမျိုးသမီး လူနာဆောင်တို့တွင် ဆေးဝါးကုသမှု ခံယူနေကြသည့် ဝေဒနာရှင် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေး စကား ပြောကြားသည်။
ယင်းနောက် ဒုတိယ သမ္မတသည် နှလုံးရောဂါ အထူးကုဋ္ဌာနသို့ ရောက်ရှိပြီး နှလုံးသွေး ကြောချဲ့ကုသမှုဌာန၊ ဓာတ်ရောင် ခြည်ကင်ဆာဌာန၊ ဓာတ်မှန်ဌာန၊ နှလုံး အထူးကြပ်မတ် ကုသဆောင်တို့အတွင်း လှည့်လည်
ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခဌာနမှူး များ၊ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ ဆရာမများနှင့် ဝန်ထမ်းမျာ အား တွေ့ဆုံ သည်။ ရှေးဦး စွာ ဆေးရုံ အုပ်ကြီး ဒေါက်တာ မောင်ဝင်းက မန္တလေး အထွေထွေ ဆေးရုံကြီး၏ သမိုင်းအကျဉ်းနှင့် လုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မိမိသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ရှိ ဆေးရုံကြီး များနှင့် ဆေးတက္ကသိုလ် (ရန်ကုန်) သို့သွားရောက် ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေး ကဏ္ဍ အဆင့် မြှင့်တင် နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါကြောင်း၊ ယခုမန္တလေးမြို့သို့ရောက်ရှိပြီး ဆေးရုံအုပ် ကြီးများနှင့် ဆေးပညာ သင်ကြားရေး လုပ်ငန်းများကို ကြည့်ရှု စစ်ဆေး နိုင်ရန်အတွက် မိမိလာရောက် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များ အရ မန္တလေးမြို့ရှိ ဆေးရုံကြီးများ၏ ဥပဓိရုပ်၊ လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာ၊
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသည် ရန်ကုန်မြို့နှင့် နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန် နေပါကြောင်း၊ ရန်ကုန်မြို့သည် လူဦးရေ ၆ သန်းခန့်ရှိပြီး ခုတင် ၅၀၀ ဆံ့၊ ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီး များစွာရှိ၍လည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နိုင်ရန် ခက်ခဲမှုများရှိ နေကြောင်း၊ မန္တလေး မြို့သည် လူဦးရေ ၁ ဒသမ ၂ သန်းကျော်သာရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သာလွန် ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြင်းဖြစ်ပါကြောင်း။
ထို့ပြင် ယခု တည်ဆောက်နေသည့် ၁၀ ထပ်အမြင့်ရှိ ခုတင် ၁၀၀၀ ဆံ့ မန္တလေး အထွေထွေ ရောဂါကုဆေးရုံ သစ်ကြီး ပြီးစီးပါကလည်း ဒေသခံ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက် ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တိုးချဲ့ အဆောက် အအုံများ တည်ဆောက်မည် ဆိုပါက မြေနေရာ ရှားပါးနေပြီ ဖြစ်ရာ ရရှိသည့် မြေနေရာများတွင် ရေရှည်ကို မျှော်ကိုး၍ အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်နိုင်ရေး ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း။
လွန်ခဲ့သည့် နှစ်နှစ်ခွဲ တာကာလနှင့် နှိုင်းယှဉ်ကြည့်ပါက မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးတက် လာသည့် အတွက် ဂုဏ်ယူမိပါကြောင်း။
မိမိယခုကဲ့သို့ လာရောက်ခဲ့ရခြင်း ရည်ရွယ်ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံကြီးများ၏ လိုအပ်ချက်များကို သိရှိပြီး ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ ဆေးရုံကြီးများ၏ လုပ်ငန်းသုံး ပစ္စည်းများ လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေး အတွက် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည် ကိုလည်း ဆွေးနွေးညှိနှိုင်း စဉ်းစားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ရောက်ရှိ ကြည့်ရှု စစ်ဆေးခဲ့သည့် ဆေးရုံများရှိ ဆရာဝန်၊ ဆရာမများ ဝန်ထမ်းများ၏ အိမ်ရာလိုအပ်ချက်၊ ကျွမ်းကျင်ဝန်ထမ်းများ လုံလောက်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရုံသို့ တက်ရောက် ကုသသည့် လူနာများ ပိုမိုများပြားလာသည့် အကြောင်း အရင်းမှာ အခမဲ့ ဆေးကုသပေးနိုင်မှု၊ ကုသမှုနည်းပညာများ တိုးတက် ကောင်းမွန်လာ၍ လူနာများ ယခင်ကထက် ပိုမိုယုံကြည်အားကိုး လာသည်ကို တွေ့ရှိရ ပါကြောင်း၊ အခမဲ့ ဆေးကုသမှု ပေးခြင်းသည်လည်း နတ်လူသာဓု ခေါ်သည့်လုပ်ငန်းပင် ဖြစ်သော်လည်း ရေရှည်တွင် သည့်ထက် ပိုမို ကောင်းမွန်သော နည်းလမ်း ရှာဖွေ ဆောင်ရွက် ပေးစေလိုပါကြောင်း။
မိမိယခုရောက်ရှိ စစ်ဆေးခဲ့မှုအရ ဆေးရုံကြီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသည် အားရစရာ ကောင်းမွန် ပါကြောင်း၊ ရှေ့ဆက်၍လည်း ယခုထက် ပိုမိုကောင်းမွန် အောင် တာဝန်ရှိသူ အဆင့်ဆင့်က ဆောင်ရွက် ပေးကြစေ လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဆေးတက္ကသိုလ် (မန္တလေး)သို့ ရောက်ရှိကြရာ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ဟန်နှင့် ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခ/ဌာနမှူးများက ကြိုဆိုကြ သည်။
ယင်းနောက် ဒုတိယ သမ္မတသည် ဆေးတက္ကသိုလ် (မန္တလေး) အောင်ပင်လယ် ခန်းမ၌ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအား ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ဟန်က ဆေးတက္ကသိုလ်၏ သမိုင်းကြောင်း၊ ဆေးတက္ကသိုလ်နှင့် ပတ်သက်သည့် အချက် အလက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ဆေး တက္ကသိုလ်(မန္တလေး)ကို တာဝန်နှင့် ရောက်ရှိခဲ့သည်မှာ ယခုအကြိမ်သည် ဒုတိယ အကြိမ် ဖြစ်ပါကြောင်း။
ခေတ်ပြောင်း စနစ်ပြောင်းနှင့် အတူ တိုးတက်ပြောင်းလဲ လာသည့် တက္ကသိုလ် ကျောင်းတော်အတွက် ဝမ်းသာဂုဏ်ယူ ပါကြောင်း၊ ဆေးတက္ကသိုလ် (မန္တလေး)ကို မိမိတို့ ရောက်လာ ကြရခြင်းမှာ ပြုပြင်စရာရှိက ပြုပြင်နိုင်အောင် ကျန်းမာရေး ဆိုင်ရာ အကြံ ဉာဏ်များလည်း ရနိုင်အောင် တက္ကသိုလ်၏ လိုအပ်ချက် ရှိလျှင်လည်း လုပ်ပေးနိုင်အောင် ဆိုသည့် ရည်ရွယ် ချက်များဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ် ဆိုသည်မှာ နောင်တစ်ခေတ် နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍကို အစစအရာရာ ဦးဆောင်ဦးရွက် ပြုကြသောသူများကို မွေးထုတ်ပေးသည့် ပင်မဗဟို ဌာနကြီး ဖြစ်ပါကြောင်း၊ အခု ပါမောက္ခချုပ် တင်ပြခဲ့သည့် အတိုင်း ဤတက္ကသိုလ်မှ Under Grad ရော၊ Doctorate အပါအဝင် ပညာရှင်များ ၃၃၉၁ ဦး မွေးထုတ် ပေးခဲ့သည်ကို တွေ့ရသည့်အတွက် အားရပါကြောင်း။ ရန်ကုန် ဆေးတက္ကသိုလ် (၁)နှင့်(၂)ကို ရောက်တော့ လည်း ယခုကဲ့သို့ အားပါးတရ၊ ထောင်သောင်းချီ မွေးထုတ်နေပြီး ဖြစ်သည်ကို တွေ့ရ၍ ပီတိဖြစ်မိ ပါကြောင်း၊ ရှေ့ဆက်ပြီး မွေးထုတ်နိုင်ရန် လိုဦးမည် ဖြစ်ပါကြောင်း၊ တစ်ခု သတိချပ် စေလိုသည်မှာ ယခုမွေး ထုတ်လိုက်သော ပညာရှင်များသည် နိုင်ငံတစ်ခုလုံး၏ လက်တွေ့ လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည် အသွေးရော အရေအတွက်ပါ ကိုက်ညီသည့် ပညာရှင်များ ဖြစ်အောင် မွေးထုတ်ကြဖို့ ဖြစ်ပါကြောင်း၊ အခု နိုင်ငံ၏ လက်တွေ့ လိုအပ်ချက်နဲ့ မကိုက်ညီ သေးသည် တွေ့ရပြီး ကိုက်ညီအောင် မည်ကဲ့သို့ ဆောင်ရွက် သင့်သည်ကို အကြံဉာဏ် များပေးကြရန်၊ ဆွေးနွေး ကြရန် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ကျော်ရှိသည့် အနက် လူဦးရေ ၇၀ ရာခိုင်နှုန်းရှိ ကျေးလက်နေ ပြည်သူများ ဖြစ်ကြပြီး အဆိုပါ ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ပိုမိုတိုးမြှင့် ဆောင်ရွက် ရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေးဘ၀ ပိုမိုမြှင့်တင်နိုင်ရန် လူထုကျန်းမာရေး လုပ်သား၊ အရန် သားဖွားဆရာမ သင်တန်းများကို ဖွင့်လှစ်၍ မွေးထုတ်ပေးပြီး ကျေးရွာ တစ်ရွာလျှင် တစ်ဦးနှုန်း ရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူတို့၏ ကျန်းမာရေးဘ၀ ပိုမိုမြှင့်တင် ကာကွယ် စောင့်ရှောက် နိုင်မည် ဖြစ်ကြောင်း ပြောကြားပြီး တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးပြီးနောက် ပါမောက္ခချုပ်များ၊ ပါမောက္ခဌာန မှူးများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ယင်းနောက် ဒုတိယသမ္မတသည် ဆေးတက္ကသိုလ် (မန္တလေး) ရှေ့၌ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဒုတိယ သမ္မတသည် ဆေးတက္ကသိုလ် (မန္တလေး)တွင် ဇီဝက စာသင်ဆောင်၊ Active Youth Free Library၊ စိမ်းလန်း စိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်း၊ စာကြည့်တိုက်နှင့် သုတေသန ဓာတ်ခွဲ ခန်းတို့ကို လှည့်လည ကြည့်ရှုကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြန်မာ နိုင်ငံဆရာဝန် အသင်း(မန္တလေး)သို့ ရောက်ရှိရာ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သန်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူ များက ကြိုဆိုကြသည်။
ရှေးဦးစွာ ဒုတိယ သမ္မတသည် မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး) အမှုဆောင်များနှင့် အသင်းဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။ ထို့နောက် ဒုတိယသမ္မတအား အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သန်းဝင်းက အသင်း၏ သမိုင်းအကျဉ်းနှင့် အသင်း၏ ဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အမှာစကား ပြောကြားရာတွင် ယနေ့ မန္တလေး MMA ကို လာရောက်သည်မှာ မိတ်ဟောင်း ဆွေဟောင်း မိတ်သစ်ဆွေသစ် တွေ့ရအောင်နှင့် ကူညီနိုင်သော ကိစ္စများရှိရင် ကူညီရန် အကြံဉာဏ်များ ယူစရာရှိရင်လည်း ယူသွားရန်လာခြင်း ဖြစ်ကြောင်း၊ MMA ဆိုသည်မှာ ကျန်းမာရေး လောကတွင် နိုင်ငံ့တာဝန် ထမ်းဆောင်ပြီးသူ၊ ထမ်းဆောင်ဆဲ ဖြစ်သူနှင့် အစိုးရ ဝန်ထမ်းမဟုတ်ဘဲ ပြင်ပမှ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြသည့် သူများ၊ စုစည်းပါဝင်သော အသင်း ဖြစ်သည်နှင့်အညီ၊ လူကြီး၊ လူလတ်၊ လူငယ်ပေါင်းစုံ ပါဝင်သော အသင်းဖြစ် ပါကြောင်း၊ ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော MMA အဖွဲ့ဝင် များကို လာနှုတ်ဆက်ရင်း အကြံဉာဏ်များလည်း နားထောင်ယူဆောင်သွား ရန်ဖြစ်ပါကြောင်း။ ပြည်သူလူထုကို ပေးနေသော ကျန်းမာရေးစောင့် ရှောက်မှုနှင့် ပတ်သက်သည့် ကိစ္စပင် ဖြစ်ပါကြောင်း။ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြင့်မြင့်ရသည့် သူနှင့် အဆင့်နိမ့် ရသည့်သူနှင့် မည်သည့် အဆင့်မှမရသော သူတွေအတွက် မည်သို့ မျှမျှတတ ပေးနိုင်မှာလဲဆိုသည့် ပြဿနာ ဖြစ်ပါကြောင်း၊ ယခုဒီမှာ ရောက်ရှိနေကြသော MMA ပုဂ္ဂိုလ်များမှ ဘယ်လိုပုံစံမျိုးနှင့် ဆောင်ရွက် နိုင်သည်ကို အကြံဉာဏ်များ ပေးစေ လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း(မန္တလေး)မှ အသင်းဝင် ဆရာဝန်ကြီးများက ကျန်းမာရေး အာမခံစနစ်၊ ကျန်းမာရေးရန်ပုံငွေ ဖောင်ဒေး ရှင်းထူထောင်ရေး၊ လူဦးရေနှင့် ကျန်းမာရေး ဝန်ထမ်းအင်အား အချိုး မျှတရေး၊ နိုင်တော်က ထောက်ပံ့သည့် ဆေးဝါးများ လူနာများ မှန်ကန်စွာ သုံးစွဲခွင့်ရရှိရေး ကိစ္စရပ်များကို အကြုံပြု ဆွေးနွေး တင်ပြကြသည်။
အကြုံပြု ဆွေးနွေး ချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

No comments:

Post a Comment