နေပြည်တော်-မတ်(၂၃)
ဝန်ကြီးဌာနအနေဖြင့်
ကျေးလက်ဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာ ဘေးကင်းရှင်းမှု
ရှိစေရန် ဆောင်ရွက်ရေးကို မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း မတ်(၂၂)ရက် ညနေ(၄)နာရီတွင်
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံလေဆိပ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်
မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမြင့်က ပြောကြားသည်။
ထို့အပြင် ကျေးလက်နေပြည်သူများမှ မွေးမြူလိုသည့်
မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များကို မတည် ဝယ်ယူမွေးမြူပေးခြင်း၊ ထပ်မံတိုးပွားလာပါက
မတည်ဝယ်ယူပေးထားသည့် တိရစ္ဆာန်များအား ပြန်လည် ပေးဆပ်ပြီး အခြားမွေးမြူလိုသူအား လက်ဆင့်ကမ်း
မွေးမြူစေသည့် မွေးမြူရေး(မွေးမြူရေးစနစ်)အား မတည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
အဆိုပါ လုပ်ငန်းများအား ကျေးရွာများတွင် မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လိုသည့်
လူငယ်များအား မွေး၊ရေ၊ ကျေးလက်လူငယ် အဖြစ် ဖွဲ့စည်းကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ
ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းများ ပို့ချလေ့ကျင့် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
ယနေ့လူငယ် နောင်ဝယ်လူကြီး စကားပုံအတိုင်း မွေး၊ရေ၊
ကျေးလက်လူငယ်များသည် မိမိရပ်ရွာ အကျိုးအတွက် ဆောင်ရွက်မှုသာမကဘဲ မကြာမီဆောင်ရွက်မည့်
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကဲ့သို့ နိုင်ငံတော်အတွက် ရေရှည်အကျိုးရှိမည့်
လုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အားလုံးပါဝင်သော ပြည်သူလူထုဗဟိုပြု
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆင်းရဲသော၊ အောင်မြင်မှု အလားအလာရှိသော၊
တရားဥပဒေစိုးမိုးသော၊ ရွာသူရွာသားများ စိတ်ထက်သန်သော ရှေ့ပြေးစီမံကိန်းကျေးရွာများအဖြစ်
ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၂၆၀)အား နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ရွေးချယ်ကာ
မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ဆောင်ရွက်နေသည့်အပြင် အာဟာရပြည့်ဝရေး အသား၊ ငါး၊
ဥ၊ နို့ လုံလောက်မျှတစွာ စားသုံးနိုင်ရေးအတွက် World Food Program (WFP) နှင့် လည်းကောင်း၊ (CDD)
Community Driven Development အား World Bank နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းဖြင့်
ပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment