Friday, March 21, 2014

ခရီးသွားဖွံ့ဖြိုးရေး


မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံးတွင် တည်ရှိသော ဝေးလံခေါင်သီလူမှုရေးခက်ခဲသည့် မြို့နယ် ၈၇ ခုတွင် ပါဝင်သည့် ခရိုင်မြို့တစ်မြို့။အခြားခရိုင်၊ မြို့များနောက်မှာ နောက်ကျကျန်ရစ်ခဲ့သော ဖွံ့ဖြိုးမှုနိမ့်ကျနေဆဲ မြို့တစ်မြို့ဖြစ်သည်။

လက်ရှိ မိမိတို့နိုင်ငံတွင် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အတူ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို မြှင့်တင်ရင်း တောင်ပေါ် မြေပြန့်၊ နိုင်ငံအနှံ့တစ်ပြေးညီစေရေးအားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိနေသည်။ တစ်ချိန်က နယ်စွန် နယ်ဖျားမြို့နယ်များ၊ ရွာသာယာဇနပုဒ်အရပ်များသည် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အတူ ပွင့်လင်းလာသည်။ နယ်စပ်ကုန်သွယ်ရေးစခန်း မြို့များအဖြစ်နှင့် ဖွံ့ဖြိုးစည်ပင် စည်စည်ကားကားရှိလာနေပြီ။ သို့သော် ပူတာအိုခရိုင်သည် အခြားခရိုင်များထက် ဖွံ့ဖြိုးမှုတွင်နောက်ကျကျန်နေကြောင်း နိုင်ငံတော်သမ္မတကြီး ပူတာအိုခရီးစဉ်တွင်မိန့်ကြားထားရာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးသည်အဓိကအချက်ဖြစ်နေပါသည်။ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ထိုဒေသ၏ ငြိမ်းချမ်းတည်ငြိမ်တရားဥပဒေစိုးမိုးမှုကောင်းစွာရှိနိုင်ပါက ဒေသ၏ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးကအစ အားလုံးကောင်းမွန်ဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်ပါသည်။
" ပူတာအိုဒေသသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နိုင်သည့်  အလားအလာ ကောင်းများစွာရှိကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်များပျက်စီးမှုမရှိအောင် ထိန်းသိမ်းရန် လိုအပ် ကြောင်း၊ အထက်ပါ အခွင့်အရေးများအားလုံးကို အသုံးချနိုင်ရန်အတွက် နယ်မြေဒေသ အေးချမ်း တည်ငြိမ်ရေးသည်အရေးကြီးကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံးက ငြိမ်းချမ်းရေးသည်ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဟုခံယူပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း " ဖြင့် ပူတာအိုခရီးစဉ်တွင်ငြိမ်းချမ်းရေး၏ အရေးပါမှုကို နိုင်ငံတော်သမ္မတကြီးက ထောက်ပြခဲ့ သည်။
မြန်မာနိုင်ငံ၏ အမြင့်ဆုံး အမြဲလိုလိုနှင်းခမောက်ဆောင်းထားသည့်ခါကာဘိုရာဇီတောင်ထွတ်အောက်မှာ တည်ရှိနေသော ပူတာအိုဒေသ၊ သဘာဝရှုခင်းရှုကွက်ကောင်းများနှင့် ရာသီအလိုက်အလှဆင်လျက်ရှိနေသော ပူတာအိုဒေသ၊ နွေ၊ မိုး၊ ဆောင်းရာသီအေးအေးချမ်းချမ်း စိမ့်စမ်းအထွေထွေနှင့် ချမ်းအေးနေတတ်သော ပူတာအိုဒေသ၊ လူတို့၏ပယောဂကြောင့် မငြိမ်းမချမ်းဖြစ်နေရသည်။ စစ်မက်ထူပြောမှုဒဏ်ကို ခံစားနေရသူများ မှာ ဒေသခံပြည်သူများသာဖြစ်သည်။ မွေးဖွားကြီးပြင်း ချက်မြှုပ်မြေများ၊ မိရိုးဖလာတောင်ယာ လုပ်ကိုင် စားသောက်ရင်း ရိုးသားစွာမွေ့ပျော်နေကြရှာသော ဒေသခံတိုင်းရင်းသားများ လက်ရှိပူတာအိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုလားမျှော်လင့်နေကြမည်ဖြစ်သည်။
" နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးလိုအပ်ချက်မှာနယ် မြေအေးချမ်းတည်ငြိမ်ရေးပင် ဖြစ်ကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယလိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေး ပင်ဖြစ်ကြောင်း၊ တတိယ လိုအပ်ချက်မှာ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ကြောင်း" ဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မိန့်ကြားချက်နှင့် အညီတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိနေကြပြီ။ ပူတာအိုဒေသ၏ လေယာဉ်ကွင်းကို တိုးချဲ့ခြင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုကားလမ်းကို ရာသီမရွေးသွားလာနိုင်ရန် ဆောင်ရွက်နေခြင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အိန္ဒိယမှ ဒေါ်လာ သန်း ၁၂၀ အကူအညီရယူသလို နိုင်ငံတော်မှလည်း ကျပ်ငွေ ၁၄၀ ဘီလီယံခန့် အသုံးပြုလျာထားကြောင်းသိရသည်။
ပညာရေးတွင် ဒေသခံတိုင်းရင်းသားများအတွက် နယ်စွန်နယ်ဖျားပူတာအိုမှာအစိုးရနည်းပညာ အထက်တန်း ကျောင်းနှင့် စက်မှုလက်မှုသိပ္ပံအပါအဝင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တို့ကို ဖွင့်လှစ်ပေးထားသည်။ ပူတာအိုသည် ဖွံ့ဖြိုးမှုအရှိန်အဟုန်နှင့်ရှေ့သို့ခရီးဆက်နေပြီ။ ခရီးလမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးအားလုံးပါဝင်နိုင်ကြမည်။ ဒေသငြိမ်းချမ်းရေး လက်တွဲနိုင်ကြမည် ဆိုပါလျှင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးပူတာအိုသည် မကြာသောကာလမှာ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးနှင့် ခရီးသွားများ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားစည်စည်ကားကားရှိလာမည်ဟု မြင်ယောင်မိပါသတည်း။ ။

No comments:

Post a Comment