Saturday, March 22, 2014

အရေအတွက်သာမက အရည်အချင်း ပိုင်းမှာပါ ပိုမိုတိုးတက်ရန်လိုအပ်

ရန်ကုန် မတ် ၂၁
"နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ရှိသော ကျေးလက်နေ ပြည်သူ များကို ကျန်းမာရေး ဝန်ဆောင်မှု ပေးရန်နှင့် မိမိတို့နိုင်ငံ၏ ဆေးပညာ အရည် အသွေး မြင့်မား စေရေးအတွက် ဆရာကြီး ဆရာမကြီး များက အကြံပြု ဆွေးနွေးကြ စေလိုကြောင်း၊ ဆရာဝန်၊ သူနာပြုနှင့် သားဖွား ဆရာမများ အနေဖြင့်လည်း ကျင့်ဝတ်များကို မမေ့မလျော့ လက်ကိုင်ထားရန် လိုအပ် ကြောင်း၊ လူနာများကို စေတနာ၊ မေတ္တာ၊ ကရုဏာဖြင့် ဆက်ဆံခြင်းဖြင့် အရည် အသွေးကို မြှင့်တင်ရန် လိုအပ်ကြောင်း" ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁)နှင့် သူနာပြု တက္ကသိုလ် ရန်ကုန် (ပင်မ)၌ ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။





ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁)သို့ ရောက်ရှိပြီး ဇီဝက ခန်းမဆောင်၌ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံသည်။
ရှေးဦးစွာ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး ဆေးတက္ကသိုလ် (၁)၏ အကြောင်းကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သိရှိလို သည်များနှင့် လိုအပ် ချက်များကို မေးမြန်းပြီး အမှာစကား ပြောကြားရာတွင် "ဆေးတက္ကသိုလ် (၁)၏ လက်ရှိ အခြေအနေများ သိရှိနိုင်ရန်နှင့် ရှေ့ဆက်လက် မည်သို့ဆောင် ရွက်ရမည်ကို သိရှိလို၍ လာရောက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ပေါင်း ၁၅ ခုရှိကြောင်း၊ ဆေးတက္ကသိုလ် (၁)သည် ဆေးတက္ကသိုလ် လေးခုအနက် အထူး ခြားဆုံး ဖြစ်ကြောင်း၊ မြို့ကြီး ပြကြီးတွင် ဖွင့်လှစ်နိုင်ခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့မှု အများဆုံး ဖြစ်ခြင်း တို့ကြောင့် ထူးချွန်သည့် ဆေးပညာ ရှင်များကို အမြောက်အမြား မွေးထုတ် နိုင်ကြောင်း၊ ယခုလက်ရှိ ကာလတွင် ဆရာဝန် စုစုပေါင်း သုံးသောင်းကျော် ရှိနေပြီ ဖြစ်သော်လည်း လက်ရှိတိုး တက်လာသော လူဦးရေနှင့် နှိုင်းယှဉ်ပါက များစွာလိုအပ် နေသေးကြောင်း၊ လူနှစ်ထောင်တွင် ဆရာဝန် တစ်ယောက်နှုန်း အချိုးအစား သာရှိသေး ကြောင်း၊ ထို့အပြင် နိုင်ငံတော်က ကျန်းမာရေး ကဏ္ဍအတွက် ဘတ်ဂျက်များကို လေးဆတိုး ပေးထားသော်လည်း လိုအပ်မှုများ ရှိနေ သေးကြောင်း၊ အထူးသဖြင့် ကျေးလက်နေ ပြည်သူ များကို ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် ဆရာ ဆရာမများ အနေဖြင့် ကျေးရွာ အရောက် သွားရောက်၍ ဆောင်ရွက် ကြရန် တိုက်တွန်း လိုကြောင်း၊ ဆေး တက္ကသိုလ် (၁)မှ နိုင်ငံတကာ အဆင့်မီ လူ့ စွမ်းအား အရင်း အမြစ်များ မွေးထုတ် နိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ကြရန် လိုကြောင်း၊ အရေ အတွက် သာမက အရည်အချင်း ပိုင်းမှာပါ ပိုမို တိုးတက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ ခြားသို့ ပညာသင် စေလွှတ်ခြင်း များကိုလည်း ဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း၊ နိုင်ငံခြားသို့ ပညာသင် စေလွှတ်ရာ တွင်လည်း အမှန် တကယ် ထူးချွန် သူများကို ရွေးချယ်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဆေးပညာ အရည်အသွေး မြင့်မားစေရေး အတွက် ဆရာ ဆရာမ ကြီးများက အားလုံးအကြံပြု ဆွေးနွေးပေး ကြပါရန် မှာကြားလိုကြောင်း" ဖြင့် ပြောကြား သည်။ တွေ့ဆုံပွဲ အပြီးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများ အား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ဒုတိယ သမ္မတသည် အပန်းဖြေ ခန်းမ၌ ခင်းကျင်း ပြသထားသော သင်ကြားရေး သင်ထောက်ကူ ပစ္စည်းများနှင့် အဏုဇီဝ ဗေဒဌာနတို့ကို ကြည့်ရှု စစ်ဆေးရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြ သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ဆေးသိပ္ပံ LMP (၄)နှစ်သင်တန်း ကို ၁၉၀၇ ခုနှစ်တွင် ရန်ကုန် ဆေးရုံကြီး၌ ဖွင့်လှစ်ခဲ့ပြီး ၁၉၂၃-၁၉၂၄ ခုနှစ်တွင် ပထမဆုံး M.B.B.S သင်တန်းကို စတင်ခဲ့သည်။ ထို့နောက် ၁၉၂၇ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)ပင်မ ဆောင်ကို စတင်အုတ်မြစ် ချပြီး ၁၉၃၀ ခုနှစ်တွင် ပထမဆုံး M.B.B.S ဘွဲ့ကို အပ်နှင်းခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဆေးကောလိပ်မှ ဆေးတက္ကသိုလ် အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် University of Medicine 1 သို့ အဆင့်တိုးမြှင့်ခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီး အကဲများနှင့် အတူ သူနာပြု တက္က သိုလ် ရန်ကုန် (ပင်မ)သို့ရောက်ရှိပြီး အစည်းအဝေး ခန်းမ၌ ပါမောက္ခချုပ် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ သူနာပြု တက္ကသိုလ် ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာနွဲ့နွဲ့ဦးက သင်တန်းသား ဦးရေ၊ ဆရာ ဆရာမ များ၏ အရည်အသွေး တိုးတက်စေရန် ဆောင်ရွက်ပေးမှု၊ ကျောင်းသူများ အဆောင် နေထိုင်မှု၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံခြား တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက် နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သိရှိလိုသည် များနှင့် လိုအပ်ချက်များကို မေးမြန်းပြီး အမှာစကား ပြောကြား ရာတွင် " မိမိတို့ ယခုလာ ရောက်ခြင်းမှာ သူနာပြု တက္ကသိုလ် (ရန်ကုန်)၏ လက်ရှိ အခြေအနေနှင့် ရှေ့ဆက် လက် ဆောင်ရွက်သွား မည့် အခြေအနေ များကို သိရှိရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သူနာပြု ကျောင်း ၄၆ ကျောင်း ရှိသော်လည်း သူနာပြုနှင့် သားဖွားဆရာမများ မွေးထုတ် ရာတွင် လုံလောက်မှု မရှိသေး ကြောင်း၊ အလားတူ ဆရာဝန်နှင့် သူနာပြု အချိုးမှာလည်း ဆတူနီးပါး ဖြစ်နေကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင် ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည် ထူထောင်ရေး ဟူ၍ရှိရာ သူနာပြု များမှာ ကုသရေးနှင့် သက်ဆိုင်ကြောင်း၊ လက်ရှိလူဦးရေ နှင့် သူနာပြုမွေးထုတ်မှုမှာ မလုံလောက်သည်ကို အားလုံး အသိပင် ဖြစ်ကြောင်း၊ အရေ အတွက် သာမက အရည်အချင်းပါ လိုအပ်ကြောင်း၊ ဆရာဝန်များတွင် ကျင့်ဝတ်ရှိသလို သူနာပြုများ တွင်လည်း ကျင့်ဝတ်များ ရှိပါကြောင်း၊ သူနာပြု ကျင့်ဝတ်များကို လိုက်နာပါမှ တကယ် တန်ဖိုးရှိသည့် သူနာပြုများ၊ သားဖွား ဆရာမများ ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်တောရွာနေ ပြည်သူများကို သူနာပြုများ၊ သားဖွား ဆရာမများက စောင့်ရှောက် ကြရန် လိုအပ် ကြောင်း၊ လူနာများကို စေတနာ မေတ္တာ ကရုဏာတို့ ကိုအခြေခံ၍ ဆက်ဆံခြင်းဖြင့် အရည်အသွေး မြှင့်တင်ရန်လိုအပ်ကြောင်း၊ သူနာပြုတက္ကသိုလ် ကျောင်းသူများ အနေဖြင့် လိုအပ် ချက်များ ကိုသိရှိပြီး သူနာပြု တက္ကသိုလ်က မွေးထုတ် ပေးလိုက်သည့် သူနာပြုများ လုံလုံ လောက်လောက် ရှိရန် မည်သို့ဆောင်ရွက် ရမည်ကို စဉ်းစားရန် လိုကြောင်းနှင့် အနာဂတ် ကာလတွင် ပုဂ္ဂလိကနှင့် အစိုးရ ကဏ္ဍများတွင် ဆောင်ရွက်နေ သည့် သူနာပြုများ ကိုလည်း ခွဲခြားမှုမရှိဘဲ အခွင့်အရေးပေးသွား မည်ဖြစ် ကြောင်း၊ သူနာပြု တက္ကသိုလ် (ရန်ကုန်)သည် တစ်နိုင်ငံ လုံးတွင် အကြီးဆုံးဖြစ်၍ သူနာပြုများနှင့် သားဖွား ဆရာမများကို ပိုမိုမွေးထုတ်နိုင်ရန် အားလုံးအကြံပြု ဆွေးနွေးကြရန်လိုကြောင်း" ဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် သူနာပြုတက္ကသိုလ် ရန်ကုန်(ပင်မ)နှင့် သူနာပြုတက္ကသိုလ် ရန်ကုန်(တိုးချဲ့) ဆောင် အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းလက်တွေ့ သရုပ်ပြနေမှုတို့ကို ကြည့်ရှုအားပေးသည်။
သူနာပြု သင်တန်းကျောင်းကို ၁၉၈၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် သူနာပြုတက္ကသိုလ်အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် သူနာပြု တက္ကသိုလ်(ရန်ကုန်) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment