Monday, March 31, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိ

နေပြည်တော် မတ် ၃၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ စစ်တွေမြို့သို့ရောက်ရှိကြသည်။

ယင်းနောက် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဒုတိယသမ္မတအား ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ထိန်းသိမ်း ဆောင်ရွက်ခဲ့မှုနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက် လုပ်ဆောင်သွားမည့် အစီအမံများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ် အတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်း များမှ နိုင်ငံခြားသားများ အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းတို့က ပြည်နယ်အတွင်း နယ်မြေအေးချမ်း လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စ ပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သန်းခေါင် စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ၌ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်ပေးနေမှု အခြေအနေ များကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ရာတွင် နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိကျမှန်ကန်သော လူဦးရေဆိုင်ရာ ကိန်းဂဏန်းများ ရရှိရန်လိုအပ်ချက်အရ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကြီးကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော (၃)နှစ်ခန့်က စတင်စီမံပြင်ဆင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းကြိုးပမ်း ခဲ့ကြပါကြောင်း၊ သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ စုစုပေါင်း အရေအတွက် မျှကိုသာ ဖော်ထုတ်ရရှိနိုင်ခြင်း မဟုတ်ဘဲ နိုင်ငံ့လူဦးရေ တည်ရှိမှု၊ မျိုးနွယ်စု ပါဝင်ဖွဲ့စည်းမှုတို့ကိုပါ ဖော်ညွှန်းနိုင်ပါကြောင်း၊ နိုင်ငံ၏အမျိုးသား အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်မြှင့်တင်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော အချက်အလက်ပေါင်း များစွာကို သန်းခေါင်စာရင်းမှ ရရှိနိုင်မည်ဖြစ်ရာ နိုင်ငံတော်၏ အနာဂတ်၊ လူထု၏ မျှော်လင့်ချက်များကို ပုံဖော်ပေးနိုင်ရန် ယခုဆောင်ရွက်မည့် သန်းခေါင်စာရင်းကြီးတွင် လူတိုင်း အကောက်ခံပြီး မှန်မှန်ကန်ကန် ဖြေကြားပေးကြရန် လိုပါကြောင်း။
သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်ကြီးအပေါ် မရိုးမဖြောင့်သော သဘောဖြင့် အခွင့်ကောင်း ယူအမြတ်ထုတ်ရန် ကြိုးပမ်းမှုများ ကိုလည်း သတိကြီးစွာဖြင့် စောင့်ကြည့် ကာကွယ်သွားရမှာ ဖြစ်ပါကြောင်း။
အဆင့်ဆင့်သော သန်းခေါင်စာရင်း ကော်မတီများက မြေပြင်အရောက် ကွင်းဆင်းထိတွေ့ပြီး အသေးစိတ် လိုအပ်ချက်များ ဖြည့်ဆည်းပေးကာ လုပ်ငန်းအရှိန်အဟုန် မြှင့်တင်ပေးကြရန် ဖြစ်ကြောင်း၊ အနှောင့်အယှက် အခက်အခဲ များကိုလည်း အချင်းချင်းနားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ကျော်လွှား သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေး လုပ်ငန်းတာဝန် အဖြစ်ခံယူပြီး လူတိုင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှုမရှိဘဲ ပြီးပြည့်စုံအောင်မြင် သည်အထိ လူတိုင်းကိုယ်စီ ပါဝင်ကြရန် ဖြစ်ပါကြောင်း၊ လုံခြုံ တည်ငြိမ်အေးချမ်းစွာဖြင့် စည်းကမ်းရှိရှိ စနစ်တကျ လုပ်ဆောင်နိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်းဖြင့် မှာကြားခဲ့ သည်။
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ ကျည်းပင်ကြီးရပ်ကွက် ရွှေသာလမ်းနှင့် ဘာဆာရာကျေးရွာရှိ ပြည်သူများအား သန်းခေါင်စာရင်း ကောက်ယူနေမှု အခြေအနေများကို သွားရောက် ကြည့်ရှုပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။


No comments:

Post a Comment