Monday, March 31, 2014

တွံတေးမြို့နယ်ရှိ လယ်ဧက ၁၀၀၀ ခန့်ကို မူလပိုင်ရှင်များစိစစ်၍ ဧပြီလအတွင် တပ်မှ ပြန်လည် ပေးအပ်မည်

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းမှ ကျေးရွာနှစ်ရှိ လယ်ဧက ၁၀၀၀ ခန့်ကို မူလပိုင်ရှင်များ စိစစ်ခြင်း၊ လယ်ဧက အရေအတွက် အမှန်စစ်ဆေးခြင်းများ ပြုလုပ်ပြီး ဧပြီလအတွင်း တပ်မှပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း တွံတေးမြို့နယ်အတွင်းရှိ လယ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးမန်းအုန်းမြင့်သိန်းက ပြောသည်။

“မတ် ၂၄ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ပြောတယ် စစ်ထောက်ချုပ်ရုံးက ပြန်ပေးလိုက်ပြီဆိုတာ။ အခု သင်္ကြန်မကျခင် တင်ပြထားတဲ့ စာရင်းတွေနဲ့ မြေပြင်မှာရှိတဲ့ စာရင်းတွေကို မြို့နယ်မြေစာရင်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်စစ်ဆေးပြီး ဧပြီလထဲမှာပဲ အပြီးပြန်ပေးသွားမှာ”ဟု ၎င်းကပြောသည်။
အဆိုပါလယ်မြေ ပြန်လည်ပေးအပ်မည့် ကျေးရွာများမှာ ရေတွင်းကုန်းကျေးရွာနှင့် မဝန်းကျေးရွာအုပ်စုတို့မှ လယ်သမား ၇၂ ဦး၏ ပိုင်ဆိုင်သော လယ်ဧက ၉၀၃ ဧကဖြစ်ပြီး ၎င်းကျေးရွာနှစ်ရွာ၏ စစ်ထောက်ချုပ်ရုံးမှ ပြန်လည်ပေးအပ်သော လယ်ဧကစာရင်းမှာ ၉၆၉ ဧက ရှိကြောင်းနှင့် လက်ရှိအချိန်တွင် သင်္ကြန်ကာလ မတိုင်မီ လယ်သမားများအား မိမိတို့၏ လယ်ယာမြေ စာရင်းများကို တင်ပြရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း၌ တပ်မတော်မှ သိမ်းယူထားသည့် လယ်ဧကများမှာ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ မဝန်းကျေးရွာအုပ်စု၊ ခတ္တိယတိုက်နယ်ကျေးရွာ၊ ချောင်းကြီးကျေးရွာအုပ်စု တို့မှ လယ်ဧက ၂၃၀၀ ကျော်ရှိပြီး ယခုအခါဧက ၁၀၀၀ ခန့် ပြန်လည်ပေးအပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဦးမန်းအုန်းမြင့်သိန်းက ထပ်မံရှင်းပြသည်။
ကျန်ရှိသည့် ခတ္တိယတိုက်နယ်ကျေးရွာနှင့် ချောင်းကြီး ကျေးရွာအုပ်စုတို့ လယ်ယာမြေများသည် လက်ရှိ အချိန်တွင် ငါးမွေးမြူရေးကန်များ လုပ်ကိုင်မှုများ ရှိနေခြင်းကြောင့် နောက်ထပ် ပြန်လည်ပေးအပ်မည့် အသုတ်တွင်မှ ရရှိနိုင်လိမ့်မည်ဟု ၎င်းက ရှင်းပြသည်။
တပ်မတော်အနေဖြင့် လက်ရှိအချိန်တွင် ယခင်က သိမ်းယူထားခဲ့သော လယ်ယာမြေများအား ပြန်လည် စွန့်လွှတ်နိုင်ရန်အတွက် စနစ်တကျ စီစဉ်ဆောင်ရွက်လျက် ရှိနေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အလိုက် ပြန်လည်လွှဲပြောင်း ပေးအပ်လျက် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment