Monday, March 31, 2014

နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ လာရောက်ကောက်ယူ



နေပြည်တော် မတ် ၃၀
ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း၌ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် မတ် ၂၉ ရက် ညသန်းခေါင်ယံကို သတ်မှတ်ထားပြီး ထိုအချိန်ရှိ နိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာကို မှတ်တမ်းတင်မည်ဖြစ်သည်။
ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်၍ နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမုံဇာခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်သမ္မတအိမ်တော်၌ လာရောက်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြသည်။

သန်းခေါင်စာရင်းမေးခွန်း ၄၁ ချက်အား သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က မေး မြန်းဖြည့်စွက်ကြရာ နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့က ဖြေကြားခဲ့ကြသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကောက်ကွက်ပေါင်း (၈၀၉၈၅) ကွက်ရှိပြီး မြေပြင် စာရင်း ကောက်ယူမည့် စာရင်းစစ် ၊ စာရင်းကောက် စုစုပေါင်း အင်အား (၁၁၁၂၅၄) ဦးအား သင်တန်း များပေး၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုရန် သန်းခေါင်စာရင်း မေးခွန်း ပုံစံပေါင်း (၁၄၈၃၅၆၀၀) နှင့် လက်စွဲစာစောင်များ၊ လုပ်ငန်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများ နှင့် စာရွက်စာတမ်း အပြည့်အစုံအား နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာဒေသ ရပ်ကွက်၊ ကျေးရွာ ကွပ်ကဲရေး ရုံးများတွင် ဖြန့်ဝေထားပြီး သန်းခေါင်စာရင်းမေးခွန်းများကို အိမ်ထောင်စုတစ်စုလျှင် မေးခွန်း ၄၁ ချက်၊ အဖွဲ့အစည်းများတွင် ၁၁ ချက် မေးမြန်းကောက်ယူမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှေးမြန်မာမင်းများလက်ထက်က  စ၍ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ သာလွန်မင်းတရားလက်ထက်က တစ်ကြိမ်နှင့် ဘိုးတော်ဘုရား လက်ထက်တွင် တစ်ကြိမ်  သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
ထို့နောက် ဗြိတိသျှကိုလိုနီခေတ်၌ ၁၈၇၂ ခုနှစ်နှင့် ၁၈၈၁ ခုနှစ်တို့တွင် အောက်မြန်မာ နိုင်ငံမှ စတင်၍ လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူခဲ့ပြီး ၁၈၉၁ ခုနှစ်မှ စတင်ကာ ၁၀ နှစ်တစ်ကြိမ် နှစ်စဉ် လူဦးရေ သန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ်၊ ၁၉၅၄ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃  ခုနှစ် တို့တွင် ကောက်ယူခဲ့ပြီး ယခုအခါ နှစ်ပေါင်း ၃၀ ကျော်ကြာမှ ထပ်မံကောက်ယူနိုင်ခြင်း ဖြစ်သည်။
ယခုအကြိမ် မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကုလသမဂ္ဂလူဦးရေနှင့် ရန်ပုံငွေအဖွဲ့အပါအဝင် အလှူရှင် နိုင်ငံများက နည်းပညာအကူအညီ၊ ငွေကြေး အကူအညီများ ပေးအပ်ပြီး ပူးပေါင်းဆောင်ရွက် လျက် ရှိသည်။


No comments:

Post a Comment