Monday, March 31, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးမြို့ရှိ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ သားဖွားသင်တန်းကျောင်းနှင့် အရိုးအထူးကုဆေးရုံကြီးများသို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေး





နေပြည်တော်-မတ် ၃၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မန္တလေးမြို့ရှိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စစ်ဆေးရန် ယနေ့နံနက်ပိုင်းက နေပြည်တော်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့ကြရာ နံနက်(၉)နာရီခွဲတွင်ရောက်ရှိကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့်ဇနီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တာဝန်ရှိသူများနှင့်အတူ ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီးသို့ရောက်ရှိကြပြီး အထူးကြပ်မတ်ကုသဆောင်နှင့် ခွဲစိတ်ခန်း၊ ဖျားနာကုသဆောင်(၁)၊ အရေးပေါ် လူနာခန်း၊ အခပေးလူနာဆောင်၊ ဓာတ်ခွဲဌာန၊ သွေးလှူဘဏ်၊ ပြင်ပလူနာဌာန၊ ဆေးစတို၊ ဖျားနာ ကုသဆောင် (၂)၊ ခွဲစိတ်ကုသဆောင်(၂)၊ ခွဲစိတ်ကုသဆောင်(၁)များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြ ချက်များနှင့် ပတ်သက်၍ ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက် ပေးပြီး အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)သို့ ရောက်ရှိကြပြီး သားဖွားမီးယပ် ကုသဆောင်၊ ဆေးသိုလှောင်ခန်း၊ ရောဂါရှာဖွေစိစစ်ရေးဌာန၊ ဓာတ်ခွဲနမူနာလက်ခံဌာန၊ သွေးဘဏ်၊ ဓာတ်မှန်ဌာနတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိပြီး သားဖွားသင်တန်းကျောင်း သရုပ်ပြခန်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် သင်တန်းသူများအား ခန်းမအတွင်း၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် မန္တလေး အရိုးအထူးကု ဆေးရုံကြီးသို့ ရောက်ရှိကာ ဆေးစတို၊ အရိုး ကုသဆောင်၊ အထူး ကြပ်မတ် ကုသဆောင်၊ အရိုးခွဲစိတ်ခန်း တို့အတွက် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အစည်းအဝေးခန်းမ၌ အထူးကု ဆရာဝန် ကြီးများနှင့် ဆရာဝန် များအား တွေ့ဆုံရာ ဆရာဝန်ကြီးများက ဆေးရုံကြီး၏ လိုအပ်ချက်များကို ရှင်းလင်း တင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူတို့က ဖြည့်စွက်တင်ပြရာ တင်ပြချက်များအပေါ် ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။


No comments:

Post a Comment