Friday, March 28, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု စတန်းဖို့ဒ် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ အက်ဒ်ဝက်ဒ် ပေါလ်လာဇီးယားနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု စတန်းဖို့ဒ် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ အက်ဒ်ဝက်ဒ် ပေါလ်လာ ဇီးယား ဦးဆောင်သော ကျောင်းသားကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြည်သူ့ဆန္ဒ နှစ်ရပ်ဖြစ်သည့်  တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံ သမိုင်းနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်၊ မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအတွက် စတန်းဖိုဒ့် စီးပွားရေးတက္ကသိုလ်မှ ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် စတန်းဖိုဒ့် စီးပွားရေးတက္ကသိုလ် ကျောင်းသားများက မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အနာဂတ် အလားအလာနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ဒေါက်တာကံဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စတန်းဖို့ဒ် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခနှင့်အတူ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဘဟားမား၊ ဥရုဂွေး၊ ဂျပန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ကျောင်းသား ကျောင်းသူ ၃၂ ဦးတို့ လိုက်ပါလာကြသည်။

စတန်းဖိုဒ့် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခနှင့် ကျောင်းသားကျောင်းသူများ အဖွဲ့သည် မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို လေ့လာခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment