နေပြည်တော်
မတ် ၂၀
ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ကူညီမှုဖြင့်
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး
ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်
(National Electrification Plan-NPE) အတွက် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်၌
ယနေ့နံနက်၉ နာရီတွင် ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိသေးသော
ဒေသများတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်မည့် နည်းလမ်းနှင့် ဓာတ်အားစနစ်ပြင်ပတွင်
အခြား နည်းလမ်းဖြင့် ဓာတ်အားပေးနိုင်မည့် အခြေအနေများကို ကမ္ဘာ့ဘဏ်မှ ခန့်အပ်ထားသော
အတိုင်ပင်ခံအဖွဲ့များ က ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ရာ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွက်
လေ့လာပြီးသော ကြားဖြတ် အစီရင်ခံစာကို ယနေ့အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်းဆွေးနွေးကြမည်ဖြစ်ကြောင်း၊
ပထဝီမြေအနေအထား အပေါ် မူတည်ပြီး ဓာတ်အားစနစ်မှ ချိတ်ဆက်ပေးနိုင်မည့်နေရာ၊ သီးခြား mini-grid
ဖြင့် ပေးနိုင်မည့်နေရာနှင့် Solar Home System ဖြင့် တစ်အိမ်ချင်း လျှပ်စစ်မီးရရှိနိုင်မည့်
နေရာများအတွက် ကုန်ကျစရိတ် အနည်းဆုံး နည်းလမ်းများ လေ့လာရှာဖွေခြင်း၊ ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ် လမ်းပြမြေပုံကို ရေးဆွဲခြင်း၊ ရင်းနှီးမြှုပ်နှံငွေ အတွက် ဘဏ္ဍာငွေ လျာထားချက်
ရေးဆွဲခြင်းများကို စီမံချက်မှာ ထည့်သွင်း ရေးဆွဲသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမြင့်က လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရန်
အတွက် အတားအဆီး ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာ ၄၀၀၀၀ ကျော်တွင် လျှပ်စစ်မီး
မရရှိသေးကြောင်း၊ အစိုးရအနေဖြင့် ကျန်ရှိသော ၂၆ လအတွင်း ကျေးရွာ ၂၀၀၀၀ ကျော် လျှပ်စစ်မီးရရှိရန်
လျာထားဆောင်ရွက် နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်အုပ်စုဝင်
International Finance Corporation ၏ Country Director Mr. Vikram Kumar က National
Electrification Plan ကို ရေးဆွဲနိုင်ရန် အတွက် ပြီးခဲ့သော ၁၀ လကစတင်၍ ဆောင်ရွက်ခဲ့ပြီး
ယခု တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်
အဖွဲ့အနေဖြင့် ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ယခု National
Electrification Plan ကို ကူညီဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်အဖွဲ့အနေဖြင့်
အကူအညီပေးရန် ကတိပြုထားပြီး ဖြစ်သော လုပ်ငန်းများမှာ သထုံ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး
ဓာတ်အားပေးစက်ရုံ အတွက် IDA ချေးငွေ၊ မြင်းခြံ IPP Combined Cycle Power Plant
Project အတွက် IFC ၏ Advisory Service နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့အား
Corporation အသွင်ဖွဲ့စည်း၍ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ရန် တို့ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး
လျှပ်စစ်ဓာတ်အား ရရှိရေးမှာ မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့၏ ဆောင်ရွက်မှုဖြင့်
သာမရဘဲ သက်ဆိုင်သော ပါဝင်ရမည့် အဖွဲ့အစည်းများ၊ ဆောင်ရွက် ရမည့် လုပ်ငန်းများကို ရှင်းလင်းစွာ
စီမံချက်ချ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်
World Bank၊ Columbia University၊ Castalia Strategic Advisors၊ Asian Development
Bank၊ JICA၊ UNIDO နှင့် GE တို့မှ ပညာရှင်များ၏ ရှင်းလင်း တင်ပြချက်များကို တက်ရောက်သူများက
အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ လျှပ်စစ်ဓာတ်အား မရရှိသေးသော မြို့၊ ရွာ၊ ကျေးလက်ဒေသများတွင်
လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ယခုရေးဆွဲနေသော National Electrification Plan အရဆောင်ရွက်ရမည့်
လုပ်ငန်းများ အကောင်အထည်ဖော်ရန် လိုအပ်သောငွေကြေးကို ကမ္ဘာ့ဘဏ် အုပ်စုက လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက်
အကူအညီ ပေးရန် လျာထားသော အမေရိကန်ဒေါ်လာ တစ်ဘီလီယံ အောက်မှ သုံးစွဲသွားမည်ဖြစ်ကြောင်းနှင့်
Offgrid ဒေသများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးရေး
လုပ်ငန်းများအတွက်လည်း World Bank နှင့် ADB
တို့မှ ပူးတွဲပြီး အထောက်အပံ့ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment