Tuesday, February 18, 2014

လက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော ဝန်ထမ်းများအတွက် REDD+ နှင့် ရာသီဥတုပြောင်းလဲမှုတိုးချဲ့ပညာပေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်



 နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
REDD+ ဆိုသည်မှာ သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းဖြစ်သည်။ သစ်တောပြုန်းတီးခြင်းမှ ထုတ်လွှတ် သော ကာဗွန်ပမာဏသည် ကဏ္ဍအသီးသီးမှ ထုတ်လွှတ်သောပမာဏ၏ (၁၇ ဒသမ ၄)ရာခိုင်နှုန်း ရှိသည်။
REDD+ ၏ အခြေခံသဘောမှာ သစ်တောသယံဇာတကြွယ်ဝသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု အမှန်တကယ် လျှော့ချနိုင်သော နိုင်ငံများအား လျှော့ချနိုင်သော ပမာဏအလိုက် Carbon Credit အဖြစ် ငွေကြေးတန်ဖိုး သတ်မှတ်ပြီး ထောက်ပံ့ကူညီမှုပြုလုပ်သော လုပ်ငန်းစဉ်(၁)ရပ်ဖြစ်သည်။ REDD+ လုပ်ငန်းစဉ်များမှာ သစ်တောပြုန်းတီး ခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းကို တားဆီးကာကွယ်ခြင်း၊ သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း များပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် UN-REDD Programme ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ REDD+ လမ်းပြမြေပုံနှင့် နိုင်ငံအဆင့်မဟာဗျူဟာကို ရေးဆွဲနိုင်ခဲ့သည်။
 သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသသစ်နှင့် ပတ်သက်သော အဖွဲ့အစည်း (ITTO) တို့ပူးပေါင်း၍ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း REDD+ ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် REDD + နှင့် ရာသီဥတုပြောင်းလဲမှု တိုးချဲ့ ပညာပေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲတွင် သစ်တောဦးစီးဌာန သစ်တော သုတေသနဌာန စုဝေးခန်းမ(ရေဆင်း)၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနအောက်ရှိ လုပ်ငန်းဌာနများမှ အရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား(၃၁)ဦး တက်ရောက် ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အမှာစကားပြောကြားသည်။
 ဒုတိယဝန်ကြီးက ကာဗွန်ရောင်းဝယ်မှုအပါအဝင် REDD+ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆဲ ဖြစ်သော် လည်း နည်းပညာနှင့် ရန်ပုံငွေကြေးထောက်ပံ့မှု အစီအစဉ်များကို ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များမှာ ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချစေမည့် နည်းလမ်းဖြစ်သည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေလည်ပတ်မှုစနစ်အား ထိန်းကျောင်းပေးခြင်း၊ မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးခြင်း စသော ကျေးဇူးများကို ရရှိစေသည့် အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများကပါ စိတ်ဝင်စားစွာ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ REDD + လုပ်ငန်းစဉ်များသည် သစ်တောကဏ္ဍသီးသန့်မဟုတ်ဘဲ လုပ်ငန်းကဏ္ဍအမျိုးမျိုး၊ အဖွဲ့အစည်း အမျိုးမျိုးနှင့် ဆက်စပ်ပတ်သက်သူအမျိုးမျိုးတို့ နှီးနွှယ်နေသော လုပ်ငန်းစဉ်ဖြစ်သောကြောင့် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရရှိရန် လိုအပ်ကြောင်း၊ ယခုသင်တန်းသည် ကျေးလက် ပြည်သူများနှင့် ဆက်စပ်ပတ်သက်သူများကို ထိတွေ့ ဆက်ဆံနေရသော တောအုပ်အဆင့် ဝန်ထမ်း များအား သီးသန့်သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း လုပ်ငန်းများကို REDD + လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက် ရမှာဖြစ်ကြောင်း။
 နိုင်ငံတော်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်သောမူဝါဒများ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများကို ရေးဆွဲအကောင် အထည်ဖော် လျက်ရှိသည့်အတွက် သဘာဝသယံဇာတများထုတ်လုပ်၍ ဝင်ငွေရှာသော စီးပွားရေးလုပ်ငန်း များမှ ဝန်ဆောင်မှု ပေးသော စီးပွားရေးလုပ်ငန်းများသို့ ပြောင်းလဲဖြစ်ပေါ်လာစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အချိန်အခါသည် REDD+ Clean  Development Mechanism (CDM) နှင့် Payment  for  Ecosystem  Services (PES)  စသော သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေခံစီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်နေချိန် ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။
 အဆိုပါသင်တန်းကို ဖေဖော်ဝါရီ(၂၁)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment