Thursday, February 20, 2014

လူကုန်ကူး ရောင်းစားရန် ပို့ဆောင်သူများကို အရေးယူ



ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်ပြည်တွင် အလုပ်အကိုင်ကောင်းပြီး အုတ်စက်ရုံတွင် အလုပ်ရနိုင်မည်ဟုစည်းရုံးပြောဆိုကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် ခေါ်ဆောင် လာစဉ် ကွမ်းလုံမြို့ အေးရှားဝေါလ် တိုးဂိတ်၌သတင်းအရ ဖမ်းဆီးရမိသဖြင့် ခေါ်ဆောင်လာသူများကို ချင်းရွှေ ဟော်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီခွဲက လားရှိုးမှ ချင်းရွှေဟော်သို့ဝင်ရောက်လာသော သံလွင်ယာဉ်လိုင်းမှ ယာဉ်အမှတ်---- ယာဉ်ပေါ်တွင်ပါရှိလာသော ခရီးသည်များအနက် လူကုန်ကူးမှုနှင့်ပတ်သက်၍ မသင်္ကာ သူများကို တားဆီးထားကြောင်း ကွမ်းလုံမြို့ အေးရှားဝေါလ်တိုးဂိတ် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ ဝင်များ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ် (ချင်းရွှေဟော်)မှ မသင်္ကာသူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး ကို တွေ့ဆုံမေးမြန်းခဲ့သည်။
တွေ့ဆုံမေးမြန်းချက်များအရ ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်နေ ခင်လွင်သည် ညီဝမ်းကွဲတော်စပ်သူ ဒလနေ ထွန်းကျော်၊ တူတော်သူ အောင်မျိုးတို့နှင့်အတူ တရုတ်နိုင်ငံ မိန်းတိန်ရှိ ခရမ်းခြံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူး ကြောင်း၊ ခင်လွင်မှ ထွန်းကျော်ကို တရုတ်အမျိုးသားများနှင့် လက်ထပ်ပေးစားရန် အမျိုးသမီးများ ရှာဖွေခိုင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ထွန်းကျော်၏ဖုန်းဖြင့်အကြောင်းကြားချက်အရ ခင်လွင်သည် ဒလမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ဖေဖော်ဝါရီ ၁၂ ရက်တွင် ထွန်းကျော်နှင့်အောင်မျိုးတို့က ဒလမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးနှင့် မောင်တင်ဆန်းလင်းတို့ကို တရုတ်ပြည်တွင် အလုပ်ကောင်းပြီး အုတ်စက်ရုံတွင် အလုပ်ရနိုင်သည်ဟု စည်းရုံးပြောဆိုကာ ကြိုတင်ငွေအဖြစ် ငွေကျပ် ၅၀၀၀၀ ကို အမျိုးသမီးငယ်အား ထုတ်ပေးခဲ့ကြောင်း၊ ခင်လွင်၊ ထွန်းကျော်၊ အောင်မျိုး၊ ဒလမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦး၊ မောင်တင်ဆန်း လင်း၊ မောင်အေးခိုင်တို့သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခဲ့ကြောင်း၊ လမ်းတွင်အမျိုးသမီးငယ်နှင့်အောင်မျိုးတို့ ချစ်သူဖြစ်ခဲ့ကြောင်း၊ နေပြည်တော်တွင် တစ်ရက်တည်းခိုစဉ် ထွန်းကျော်က အမျိုးသမီးငယ်အားတရုတ်နိုင်ငံ အုတ်စက်ရုံတွင် အလုပ်လုပ်ရမည် မဟုတ်ဘဲ တရုတ်ယောက်ျားယူရမည်ဖြစ်ကြောင်း၊ အများဆုံး သုံးလ ပေါင်းသင်းရမည်၊ ငွေစုဆောင်းရန်နှင့် သုံးလပြည့်ပါက ဖုန်းလှမ်းဆက်ခေါ်ပေးမည်ဟု စည်းရုံးတိုက်တွန်း ခဲ့ကြောင်း၊ ယခင်ကလည်း အမျိုးသမီး တစ်ဦးကို တရုတ်နိုင်ငံသို့ပို့ဆောင်ပြီး တရုတ်ယောက်ျားနှင့် ယူစေခဲ့ကြောင်း၊ ယခုထိုအမျိုးသမီးမှာ ငွေစုမိနေပြီဖြစ်၍ သွားခေါ်တော့မည်ဖြစ်ကြောင်း၊ အောင်မျိုးကလည်း တရုတ်ယောက်ျားနှင့်သုံးလပေါင်းသင်းပြီး ပြန်လာပါက လက်ထပ်ယူမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း၊ ဖေဖော်ဝါရီ၁၄ ရက်တွင် ခင်လွင်၊ အောင်မျိုးတို့ သည် အမျိုးသမီးငယ်နှင့် မောင်တင်ဆန်းလင်းတို့ကို နေပြည်တော်မှ လားရှိုးသို့ခေါ်ဆောင်လာ ခဲ့ကြောင်း၊ မောင်အေးခိုင်ကို နောက်တစ်ခေါက်မှ လာခေါ်မည်ပြောပြီး နေပြည်တော်တွင် ထွန်းကျော်နှင့်အတူ ထားခဲ့ ကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇ နာရီတွင် လားရှိုးသို့ရောက်ရှိပြီး မော်တော်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ကွမ်းလုံမြို့ အေးရှားဝေါလ်တိုးဂိတ်၌ ယခုကဲ့သို့ စစ်ဆေးမေးမြန်းခြင်းခံရကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဒလမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကိုတရုတ်အမျိုးသားနှင့်လက်ထပ်ရန် တရုတ်နိုင်ငံသို့ပို့ဆောင်စဉ် အေးရှားဝေါလ်တိုးဂိတ်၌ ဖမ်းဆီးရမိသူ ခင်လွင်(၃၃နှစ်) ကွမ်းလုံမြို့နယ် ရှမ်းပြည်နယ်၊ အောင်မျိုး (၂၀ နှစ်) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နှင့် ထွန်းကျော်တို့သုံးဦးအပေါ် ဥပဒေအရ အရေးယူပေးရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(ချင်းရွှေဟော်)က တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ချင်းရွှေဟော်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။
လူကုန်ကူးခံရသူ အမျိုးသမီးငယ်နှင့်သက်သေ မောင်တင်ဆန်းလင်းတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(ချင်းရွှေဟော်)တွင် ခေတ္တထားရှိပြီး တရားရုံးသက်သေခံပြီးပါက မိဘအုပ်ထိန်းသူများ ထံ ပြန်လည် အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment