Thursday, February 20, 2014

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသဘောင်္ ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၉
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုနှင့် Myanmar Voyages International Tourism Co.Ltd. ၏ အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး M.V Silver Shadow သည် ယနေ့နံနက် ၆ နာရီခန့်တွင် ဒုတိယအကြိမ်အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမြို့မှတစ်ဆင့် ဆိုက်ရောက်လာသည်။

သင်္ဘောပေါ်တွင် ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း ၃၂၆ ဦးခန့်နှင့် သင်္ဘောဝန်ထမ်း ၂၉၀ ခန့် လိုက်ပါကြသည်။
ကမ္ဘာလှည့်ခရီးသည်များသည်ရန်ကုန်မြို့တွင်း၌ လှည့်လည်ကြည့်ရှုခြင်း၊ ညနေပိုင်းလေယာဉ်ဖြင့် ပုဂံသို့လည်းကောင်း၊ မန္တလေးသို့လည်းကောင်း သွားရောက်ခြင်း၊ သန်လျင်ဈေးလည်ပတ်ခြင်းနှင့် ကျိုက်ခေါက်ဘုရားသို့ သွားရောက်ခြင်း၊ Governor Residence ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေမှုများကိုကြည့်ရှုခြင်းနှင့် ညစာသုံးဆောင်ခြင်း၊ ပဲခူးနေ့ချင်းပြန်ခရီးစဉ်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက်လာပတ်ခြင်း၊ ရွှေတိဂုံဘုရားသို့ သွားရောက်ခြင်းများ ပြုကြမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် ပထမလေးလတာ ကာလတွင် ရန်ကုန်မြို့သို့ Cruises ၁၂ စင်း ဝင်ရောက်ရန်ရှိပြီး ဗြိတိန်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတို့မှ သဘောင်္များအပါအဝင် အမေရိကန်မှ ခုနှစ်စီးပါဝင်ကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသို့ ကမ္ဘာလှည့်ခရီးသည်တင် သဘောင်္ကြီးအစင်း ၂၀ အထိ ရောက်ရန်ရှိသဖြင့် Year of Cruises ဟု ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ အပျော်စီးသဘောင်္များ လာရောက်ရေးအတွက် အဓိကဈေးကွက်ရှာဖွေ ပေးနေသော တိုင်းရင်းသားပိုင် ကုမ္ပဏီ Myanmar Voyages မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသဘောင်္ကြီးသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment