Tuesday, February 11, 2014

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ လျှော့ချရေးနှင့် ချေးငွေပြန်လည်ပေးအပ်ချိန် ရွှေ့ဆိုင်းရေး သဘောတူညီချက် လက်မှတ် ရေးထိုး

နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံတို့ နှစ်နိုင်ငံလက်မှတ် ရေးထိုးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ သမ္မတမစ္စတာ ဂျိုဝါချင်ဂေါက်ခ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။



လက်မှတ်ရေးထိုးပွဲတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီလျှော့ချရေးနှင့် ချေးငွေ ပြန်လည်ပေးအပ် ချိန် ရွှေ့ဆိုင်းရေးဆိုင်ရာ သဘောတူညီချက်” ကို မြန်မာနိုင်ငံဘက်မှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်နှင့် ဂျာမနီ နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကြီးတို့က နှစ်နိုင်ငံသမ္မတများ ရှေ့မှောက်၌ လက်မှတ်ရေးထိုး ခဲ့ကြသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသော ပဲရစ်ကလပ် အစည်းအဝေး၌ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပဲရစ်ကလပ် အဖွဲ့ဝင် မြီရှင်နိုင်ငံများအကြား Agreed Minutes on the Treatment of Debt of the Republic of the Union of Myanmar ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်အပေါ် မူတည်၍ ဂျာမနီနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိရန် ဆက်လက်ညှိနှိုင်းခြင်း ဖြစ်သည်။
ထိုသဘောတူညီချက်အရ ကြွေးရှင်းသည့်ပမာဏမှာ ယူရိုသန်း ပေါင်း ၁၀၈၄ သန်းကျော် ရှိပြီးထိုငွေအနက် ၅၀ ရာခိုင်နှုန်းကို ဂျာမနီနိုင်ငံဘက်မှ ကြွေးလျှော်ပေးခဲ့သည်။ ကျန် ၅၀ ရာခိုင်နှုန်းဖြစ်သည့် ယူရို ၅၄၂ သန်းကျော်အား အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ် စုစုပေါင်း ၁၅နှစ်ဖြင့် ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment