နေပြည်တော် ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး
ဒေါ်ခင်ခင်ဝင်းတို့က ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဂျိုဝါချင်ဂေါက်ခ်နှင့်ဇနီး
မစ္စစ်ဒါနီလာရှထ်နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ
ခန်းမဆောင်၌ ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
မိမိတို့နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ်
ထူထောင်ထားရှိသည့် နှစ်ပေါင်း (၆၀) အတွင်း ဂျာမနီနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက်
ထိရောက်သည့် အကူအညီများ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ဂျာမနီနိုင်ငံသည်
ဥရောပသမဂ္ဂ အတွင်း ဦးဆောင်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ အရေးအခင်းများတွင် တက်တက်ကြွကြွဖြင့်
သမာသမတ် ကျကျ ရပ်တည်နေသည့် နိုင်ငံဖြစ်သည့်အတွက် ပြီးခဲ့သည့် နှစ် ၂၀ ကာလ အတွင်း အချို့သော
အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အပြင်းအထန် ဆန့်ကျင်ဖိအားပေးနေချိန် တွင် ဂျာမနီနိုင်ငံအနေဖြင့်
သမာသမတ်ရှိစွာ ရပ်တည်ဆောင်ရွက်ခဲ့သည့် အတွက်လည်း ကျေးဇူး တင်ရှိပါကြောင်း။
မိမိတို့အစိုးရသစ် နိုင်ငံ့တာဝန်
စတင်ယူခဲ့ချိန်မှစပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးတို့အတွက်
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထိရောက်သည့် အကျိုးရလဒ်များကို ရရှိနေပြီဖြစ်ပါကြောင်း၊
မိမိတို့၏ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ အောင်မြင်စေရန် မိတ်ဆွေနိုင်ငံဖြစ်သည့်
ဂျာမနီနိုင်ငံက ထောက်ခံကူညီ ပေးနေသည့်အတွက်လည်း များစွာအားတက်မှု ဖြစ်ရသကဲ့သို့ ကျေးဇူးလည်း
အထူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ
၁ ရက်မှစပြီး ပထမဦးဆုံးအကြိမ်အဖြစ် ထမ်းဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်
အဖွဲ့ဝင် နိုင်ငံများနှင့်အတူ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း တည်ထောင်ရေး လမ်းပြမြေပုံ
အကောင် အထည်ဖော်ရာတွင် ကျန်ရှိနေသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ရင်း အာဆီယံ၏ ဦးတည်ချက်များ
ပြည့်မီရေးကို ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆွေတော် သမ္မတကြီး၏ မြန်မာနိုင်ငံ
ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံတည်ရှိပြီး ဖြစ်သည့် ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေရုံသာမက
အနာဂတ်ကာလတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့် ခိုင်မာစေမည်ဟု
အပြည့်အဝ ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဂျာမနီနိုင်ငံသမ္မတက
မိမိလာရောက်သည့် အကြောင်းရင်းမှာ ယခုပစ္စုပ္ပန် ကာလ တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး
ဖော်ဆောင်နေမှုများကို ဂုဏ်ပြုချီးကျူးရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ဂျာမနီနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း။
မိမိ၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး
ပိုမိုတိုးတက် ခိုင်မာရေးအတွက် အထောက် အကူပြုမည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် သမိုင်းဝင်သော အသွင်ကူးပြောင်းမှု တစ်ခု ဖြစ်ပါကြောင်း၊
ဂျာမနီနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးကလည်း မြန်မာနိုင်ငံအတွင်း ပြုပြင်
ပြောင်းလဲမှုများကို အလေးထား စောင့်ကြည့်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး
သဘောတူညီ မှုများ၊ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်း၊ ယခင်က တားမြစ်ထားသော နိုင်ငံရေး ပါတီ များအား ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခြင်း၊
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေး အတွက် အစပြုခြင်း စသည့် အပြုသဘောဆောင် ပြောင်းလဲမှုများ
ဖြစ်ပေါ်နေပါကြောင်း။
ယင်းကဲ့သို့ ပြောင်းလဲမှုဖြစ်စဉ်များသည်
တစ်ခါတစ်ရံတွင် လွယ်ကူမှုမရှိသော်လည်း ပိုမို ကောင်းမွန်သည့် အနာဂတ် အတွက် လမ်းစကောင်းတစ်ခု
ဖြစ်ပါကြောင်း၊ ဂျာမနီ နိုင်ငံက မြန်မာနိုင်ငံကို ဤခက်ခဲသော ခရီးလမ်းတွင်လည်း အထောက်အကူပေးလိုပါကြောင်းဖြင့်
ပြောကြားသည်။
နေ့လယ်စာ မသုံးဆောင်မီနှင့်
သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့်
ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာ စားပွဲအပြီးတွင်
နိုင်ငံတော်သမ္မတနှင့် ဧည့်သည်တော် ဂျာမနီသမ္မတ တို့သည် ဖျော်ဖြေ တင်ဆက်ကြသော အနုပညာရှင်များအား
လက်ဆောင်ပန်းခြင်းများ ပေးအပ်ကြသည်။
ဂုဏ်ပြုနေ့လယ်စာ
စားပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး
ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ သံအမတ် ကြီးများနှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။


No comments:
Post a Comment