Wednesday, February 12, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တိုင်းဒေသကြီး ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တွေ့ဆံ မှားကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများအား ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ တွေ့ဆုံ မှာကြားသည်။



ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးအောင်မင်း၊ ဦးလှထွန်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတက ယနေ့အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် များသည် ပြည်သူ လူထု၏တူညီသော ဆန္ဒအပေါ် မူတည် ၍ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒ နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု၏ အဓိကတူညီသော ဆန္ဒနှစ်ခုမှာ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းသူ ပြည်သားများ၏ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက် ရေးပင်ဖြစ်ကြောင်း။
ပြည်သူလူထု၏ တူညီသောဆန္ဒကို အကောင် အထည်ဖော် ဆောင်ရွက် ရာတွင် အစိုးရ အနေဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် သုံးရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး အတွက် ပါတီအဖွဲ့အစည်းများကို နိုင်ငံရေးလုပ်ငန်း စဉ်တွင် ပါဝင်လာစေရန် ဆောင်ရွက်ခြင်း၊ နိုင်ငံသားအားလုံး နိုင်ငံရေးလုပ်ငန်း စဉ်များတွင် ပါဝင်လာအောင် ဆောင်ရွက်ခြင်း၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နည်းလမ်းများ ဆောင်ရွက် ခြင်းစသည်တို့ဖြင့် ဆောင်ရွက်လျက် ရှိနေပါကြောင်း။
အလားတူ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊ ကျေးလက် ဒေသတွင် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် စေရန် ဆောင်ရွက် ပေးခြင်းများ၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးစေရေး အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာစေရန် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းခြင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးနိုင်အောင် ဆောင်ရွက်ခြင်း၊ စီးပွားရေးအရ အကောက်ခွန် ကင်းလွတ်ခွင့်များ ရရှိအောင် ဆောင်ရွက်ခြင်း၊ ကြွေးမြီကိစ္စများ ဖြေလျှော့ ပေးနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ယှဉ်ပြိုင်သည့် ဈေးကွက် စီးပွားရေး စနစ်ဖြစ်အောင် ပြောင်းလဲပေးခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို နှုန်းရှင်ဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အတွက် စက်ရုံ အလုပ်ရုံများ ထူထောင် ဖွင့်လှစ်နိုင်အောင် ကြိုးပမ်း ဆောင်ရွက် ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်း များကို ဆောင်ရွက်လျက် ရှိကြောင်း။
ထို့အတူ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ယခင်က ဗဟိုဦးစီးစနစ်မှ ပြည်သူဗဟိုပြု အုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲ ဆောင်ရွက် ခဲ့ကြောင်း၊ မြို့/ရွာအုပ်ချုပ်ရေး စနစ်တွင် မြို့ရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု အဖွဲ့များ၊ စည်ပင် သာယာရေး အဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရာတွင် မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှု အခက် အခဲများကို ကြုံတွေ့ရ သော်လည်း ကြံ့ကြံ့ခံဖြေရှင်း ဆောင်ရွက်လျက် ရှိကြောင်း။
နိဂုံးချုပ်အားဖြင့် ပြည်သူလူထု၏ တူညီသော ဆန္ဒကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ အနေဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန် လိုကြောင်း၊ သို့မှသာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခုလုံးကို ခြုံငုံရှုမြင် သုံးသပ် တတ်သည့် အမြင်မျိုးဖြင့် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ ဒေသအကျိုးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

No comments:

Post a Comment