Tuesday, February 18, 2014

နည်းပညာတက္ကသိုလ်(သန်လျင်) ကြည့်ရှုစစ်ဆေး




နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဖေဖော်ဝါရီ(၁၅)ရက်တွင် နည်းပညာတက္ကသိုလ် (သန်လျင်)သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်တိုင်းတွင် ကျောင်းသား ဦးရေနှင့်စာသင်ခန်း၊ လက်တွေ့ခန်းအရေအတွက် ဆရာ၊ ဆရာမဦးရေများ အချိုးညီမျှစွာရှိစေရေး၊ ကျောင်းသားများအား လက်တွေ့ပိုမိုသင်ကြား လေ့ကျင့်ပေးနိုင်ရေးနှင့်
သင်ကြားမှု၊ သင်ယူမှုတွင် ကွန်ပျူတာကို အသုံးပြု၍ ဆောင်ရွက်ရေး၊ သင်ရိုးညွှန်းတမ်းအလိုက် လက်တွေ့လုပ်ငန်းများကို ပြည့်မီစွာ ပြုလုပ်သင်ကြား နိုင်ရေး၊ ဌာနတစ်ခုချင်းစီအလိုက် နှစ်စဉ်တိုးတက်မှုရှိစေရေးနှင့် ဝန်ထမ်းများအားလုံး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ လိုက်နာတတ်စေရန်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် လိုအပ်ပါကြောင်း လမ်းညွှန် မှာကြားခဲ့သည်။
 ယင်းနောက် နည်းပညာတက္ကသိုလ်(သန်လျင်)မှ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများမှ ကျောင်း၏ ဖွဲ့စည်းထားရှိမှု၊ ဆရာ၊ ဆရာမများလိုအပ်ချက်၊ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် အဆောင်လိုအပ်ချက်များအား ဌာနအလိုက်ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နှစ်အလိုက်ဖြည့်ဆည်းပေးနိုင်မှု အခြေအနေများအား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment