ရန်ကုန်-ဖေဖော်ဝါရီ(၁၈)
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်
လက်ခံကျင်းပသည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့
(High Level Task Force for Economic Integration-HLTF-EI)၏ (၂၅) ကြိမ်မြောက် အစည်းအဝေးကို
ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ် မင်းတုန်းခန်းမ၌ ဖေဖော်ဝါရီ (၁၇) ရက်နှင့် (၁၈) ရက်တို့တွင်
ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် အလှည့်ကျသဘာပတိအဖြစ် မလေးရှားနိုင်ငံ
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန အထွေထွေမန်နေဂျာ H.E. Datuk
Dr. Robocca Fatima Sta က ဆောင်ရွက်ပြီး
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ စန်းလွင်၊ အာဆီယံစီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးအဆင့်ရှိ အဆင့်မြင့်အရာရှိကြီး၊
အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊
အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနဌာန၊
အာရှဖွံ့ဖြိုးရေးဘဏ်၊ ရာဂျာ ရက်နမ်အပြည်ပြည်ဆိုင်ရာ လေ့လာရေး ကျောင်းနှင့် အရှေ့တောင်အာရှဆိုင်ရာလေ့လာရေးဌာနတို့မှ
ကိုယ်စားလှယ် (၅၀) ခန့် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတင်ပြသည့်
အာဆီယံစီးပွားရေး အသိုက်အဝန်း (၂၀၁၅)အတွက် အာဆီယံပြည်သူလူထု၏ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး
မဟာဗျူဟာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း အာဆီယံစီးပွားရေး အသိုက်အဝန်း၏
အခြေအနေနှင့်ပတ်သက်၍ အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနဌာန (Economic
Research Institute for ASEAN and East Asia-ERIA) နှင့် ရာဂျာရက်နမ် အပြည်ပြည်ဆိုင်ရာ
လေ့လာရေး ကျောင်းနှင့် အရှေ့တောင်အာရှဒေသ ဆိုင်ရာလေ့လာရေးဌာန (Rajaratnam School
of International Studies and Institute
for Southeast Studies-RSIS- ISEAS) တို့၏ သုတေသနစာတမ်းများ၊ ERIA ၏ အာဆီယံစီးပွားရေးအသိုက်အဝန်း
ထူထောင်နိုင်မှု အကဲဖြတ်ဇယားအဆင့်(၄)၏ အခြေအနေ၊ ISEAS နှင့် Asian Development Bank
(ADB) တို့၏ အာဆီယံစီးပွားရေးအသိုက်အဝန်း ဖြစ်ပေါ်တိုးတက်မှု စာတမ်းနှင့် ဒေသတွင်းဘက်စုံ
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Regional Conprehensive Economic
Partnership-RCEP) ထူထောင်မှုဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများ၏ ဖြစ်ပေါ်တိုးတက်မှုများကို
ဆွေးနွေး ဆုံးဖြတ်ခြင်း၊ အမြင်ဖလှယ်ခြင်းများ ပြုလုပ်ကြသည်။
အဆိုပါ အစည်းအဝေး၏ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များမှ
အကြိမ်(၂၀)မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးသို့ တင်ပြမည့်အချက်အလက်များကို
ပြုစုကြမည် ဖြစ်ကာ ပိုမိုကျစ်လျစ်ခိုင်မာသော အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ဖြစ်ပေါ်လာရေး
အတွက်လည်း ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။ (သတင်းစဉ်)
No comments:
Post a Comment