Tuesday, February 18, 2014

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မြို့သစ်၊ တောင်တွင်းကြီး၊ မင်းဘူးမြို့နယ်တို့မှ ဒေသခံပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ သိကောင်းစရာများအားရှင်းလင်း၊ သိရှိနားလည်မှုအပေါ် သန်းခေါင်စာရင်းအမှတ်တရပစ္စည်းများ ပေးအပ်



နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Ms. Janet  E. Jackson နှင့် တာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီ (၁၅)ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ ဘုရားကြီးရပ်ကွက်၌လည်းကောင်း၊ တောင်တွင်းကြီး မြို့နယ် တလုတ်ပင်နှင့် ကြက်ဆူတောကျေးရွာတို့တွင် လည်းကောင်း ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ၊ သန်းခေါင်စာရင်းမေးခွန်းပုံစံများနှင့် တစ်အိမ်တက်ဆင်းကောက်ယူမည့် အခြေအနေ၊ ဖြေဆိုမှုများအပေါ် သန်းခေါင်စာရင်းဥပဒေက အကာအကွယ်ပေးမှု၊ သန်းခေါင်စာရင်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းမေးခွန်းများကို သိရှိနားလည်ပြီး မှန်မှန်ကန်ကန်ဖြေကြားနိုင်ရေး အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းအကြောင်း သိရှိနားလည်မှု အခြေအနေများကို ဒေသခံပြည်သူများအား မေးမြန်းရာ ပြန်လည်ဖြေဆိုနိုင်သူများအား သန်းခေါင်စာရင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
 ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိုန်းတဲ စေတီရင်ပြင်၌ ဘုရားဖူးလာပြည်သူများ၊ ကျောင်းသား ကျောင်းသူကလေးငယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး သိရှိနားလည်မှုအပေါ်ပြန်လည်မေးမြန်းဆွေးနွေးကာ ဖြေဆိုနိုင်သူများအား သန်းခေါင်စာရင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ နံရံကပ်ပိုစတာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment