Tuesday, February 18, 2014

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဖေဖော်ဝါရီ(၁၆)ရက် နံနက်ပိုင်းတွင် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ် (၁၃၈/၃ နှင့် ၁၃၈/၄) ကြားရှိ လောင်ထောင်တံတား  ပေ(၁၆၀) ဘေလီပြန်လည်တပ်ဆင်မှုနှင့် ပြုပြင် ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားခိုင်ခံ့မှုရှိစေရန် မူလပေ(၁၀၀) နှစ်လွှာတစ်ထပ် ဘေလီနေရာတွင် သုံးလွှာတစ်ထပ် ဘေလီတပ်ဆင်ရန် မှာကြားခဲ့သည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်-တောမ-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ်(၈၄/၅ နှင့် ၈၄/၆)ကြားတွင် ဂန့်ဂေါခရိုင်မှ ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် (၅၅/၆ နှင့် ၅၆/၀) ကြားတွင် စက်ယန္တရားများဖြင့် လမ်းချဲ့ခြင်း၊ မြေညှိခြင်း၊ မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် (၅၀/၀)နှင့် မိုင်တိုင်အမှတ်(၉/၀)တို့တွင် စက်ယန္တရားများဖြင့် မြေကြီးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် BOT စနစ်ဖြင့် ဆောင်ရွက်သော မြိုင်-ပခုက္ကူလမ်းနှင့် မြင်းခြံ-ရေဝန်း လမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ထီးလှိုင်(အရှေ့)ရွာ ဒေသခံ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်ဖြစ်သော ထီးလှိုင်တံတား တည်ဆောက်ရန် နေရာနှင့် လိန်ပင်ရွာ လိန်ပင်တံတားချဉ်းကပ်လမ်းနှစ်ဖက်အား တံတားအဖြစ် ဆက်စပ်တည်ဆောက်ရန် လိုအပ်သည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment