Tuesday, February 18, 2014

ပျူမြို့ဟောင်း(၃)မြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ



ရန်ကုန်-ဖေဖော်ဝါရီ(၁၈)
ပျူမြို့ဟောင်း(၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ပြည်ပပညာရှင်များအား ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ယနေ့နံနက် (၈)နာရီခွဲတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ရန်ကုန်ဌာနခွဲ၌ တွေ့ဆုံ၍ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ ပထမဆုံးကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ပါကြောင်း၊
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးသည် နိုင်ငံ၏ဂုဏ်တစ်ရပ်လည်းဖြစ်၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အထူးဆက်လက်ကူညီဆောင်ရွက်ပေးစေ လိုကြောင်း၊ မိမိတို့အနေဖြင့်လည်း နောင်ဆက်လက်ရေရှည်ဆောင်ရွက်ရမည်များကို စီမံဆောင်ရွက်ပေးခြင်း၊ ညှိနှိုင်းခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိကြောင်းပြောကြားသည်။
ဆက်လက်ပြီး ပျူမြို့ဟောင်းများဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့်သရေခေတ္တရာမြို့ဟောင်းများအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် Pyu Ancient Cities        Coordinating Committee (PYUCOM) အဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပျူရှေးဟောင်းမြို့များကြီးကြပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ UNESCO (ရန်ကုန်) နှင့်(ဘန်ကောက်) မှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ကျွမ်းကျင် ပညာရှင်များအဖွဲ့မှ အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ PYUCOM အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ PYUCOM ဥက္ကဋ္ဌများ ဖြစ်သော စစ်ကိုင်းခရိုင်၊ ပြည်ခရိုင်နှင့်ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်မြေစာရင်း ဦးစီးမှူးများ၊ စည်ပင် သာယာရေးအဖွဲ့များမှ အမှုဆောင်အရာရှိများ၊ ပျူမြို့ဟောင်း(၃)မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပျူရှေးဟောင်းမြို့များကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပျူမြို့ဟောင်း(၃)မြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်နိုင်ရန်အတွက် လိုအပ်သော ပျူမြို့ဟောင်းများဆိုင်ရာ စာတွဲများကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ(၂၅)ရက်တွင် ကမ္ဘာ့အမွေအနှစ် ဗဟိုမှတစ်ဆင့် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်သွင်းပေးပို့ခဲ့ပြီး UNESCO မှအဆိုပါ စာတွဲကို အတည်ပြုလက်ခံခဲ့ကြောင်း၊ ICOMOS မှကျွမ်းကျင်ပညာရှင် ဩစတြေးလျနိုင်ငံသူ Dr.Susan သည် သရေခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်း များသို့ ၂၀၁၃ခုနှစ် အောက်တိုဘာ(၂၃)ရက်မှ(၂၈)ရက်အထိ ပထမအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ဟန်လင်းမြို့ဟောင်းသို့ ၂၀၁၄ခုနှစ် ဇန်နဝါရီ(၂၃)ရက်မှ (၂၆)ရက်ထိ ဒုတိယအကြိမ် ကွင်းဆင်းခဲ့ပြီးဖြစ်ကြောင်း၊ အီတလီနိုင်ငံအစိုးရမှ ဒုတိယအကြိမ်အထောက်အပံ့ပေးပို့သည့် ယူရို(၁)သန်းကို UNESCO ၏စီမံကြီးကြပ်မှုဖြင့် ပျူမြို့ဟောင်း(၃)မြို့နှင့် ပုဂံမြို့ဟောင်းတို့အား ထိန်းသိမ်းရေးလုပ်ငန်းများအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် ဖြစ်ကြောင်းနှင့်ပျူမြို့ဟောင်း (၃)မြို့အတွက် ထပ်မံရှင်းလင်း ဖော်ပြရန် လိုအပ်နေသောအချက်များဖြစ်သည့် Additional Information II အား ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင်ပြန်လည်ပေးပို့ရမည့် အချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားသည်။
အဆိုပါ ပျူမြို့ဟောင်း(၃)မြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရေး ကိစ္စအား ၂၀၁၄ခုနှစ် ဇွန်လတွင် ကာတာနိုင်ငံ၌ ကျင်းပမည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ၏ အကြံပေး အဖွဲ့မှအတည်ပြုဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးသည် ဒေသခံပြည်သူများ၊ နိုင်ငံသားများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ဆန္ဒပြင်းပြစွာ အကောင်အထည်ဖော်မှု၊ မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်ကို မိမိတို့ကိုယ်တိုင် ဂုဏ်ယူမြတ်နိုး တန်ဖိုးထားထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု၊ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်မှုတို့သည် အထူးအရေးကြီးကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment