ချစ်ကြည်
လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ယနေ့ အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသား
တို့၏ နေ့ထူးနေ့မြတ် အဖြစ် အသိအမှတ် ပြုထားသည့် ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော
(၆၇)နှစ် မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။
ဤနေ့ထူး နေ့ မြတ်ဖြစ်သည့် ပြည်ထောင်စု နေ့တွင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း ချစ်ခင်ရင်းနှီးစွာ မှီတင်း နေထိုင်လျက်
ရှိကြကုန်သော တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ကောင်းကျိုး ချမ်းသာ မင်္ဂလာ အဖြာဖြာနှင့်
ပြည့်စုံ ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့် နှုတ်ခွန်းဆက်သ အပ်ပါသည်။
ချစ်ကြည် လေးစားအပ် ပါသော ပြည်ထောင်စုဖွား
တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-သမိုင်း အစဉ် အလာကြီးမားသည့် ပြည်ထောင်စု
သမ္မတ မြန်မာ နိုင်ငံတော် အတွင်း တိုင်းရင်းသားညီအစ်ကို မောင်နှမတို့သည် ရှေးပဝေသဏီ
ကပင် ဥမကွဲ၊ သိုက်မပျက် စည်းလုံး ညီညွတ်စွာ နေထိုင်ခဲ့ ကြပါသည်။ မြန်မာနိုင်ငံသို့
ကိုလိုနီနယ်ချဲ့တို့ ကျူးကျော် ဝင်ရောက် လာသဖြင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တို့၏
သွေးခွဲ အုပ်ချုပ်သည့် စနစ်ကြောင့် တိုင်းရင်းသား အချင်းချင်း အထင်အမြင် လွဲမှားကာ
စည်းလုံး ညီညွတ်မှု ပြိုကွဲခဲ့ရသည်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ တိုင်းရင်းသား
ခေါင်းဆောင်များ၏ ကြိုးပမ်းမှုကြောင့် တိုင်းရင်းသား သွေးစည်း ညီညွတ်မှုကို ပြန်လည်ရရှိကာ
၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုင်နိုင်ခဲ့ပြီး စုပေါင်းညီညွတ်သည့်
အင်အားဖြင့် လွတ်လပ် ရေးကို ရယူနိုင်ခဲ့ပေသည်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် ကိုလိုနီစနစ်၏
လက်ကျန် အမွေဆိုး များ ပြီးပြတ်ချုပ်ငြိမ်း သွားခြင်းမရှိဘဲ တိုင်းရင်းသား ညီအစ်ကို
မောင်နှမများ အကြား သံသယနှင့်ပဋိပက္ခများ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ခဲ့ရသည်။ လွတ်လပ်ရေး
ရပြီးနောက်ပိုင်း တိုင်းရင်းသား အချင်းချင်း ကြားတွင် ဖြစ်ပေါ်ခဲ့သည့် သံသယနှင့် ပဋိပက္ခများ
ကြောင့် မိမိတို့နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်း
နိုင်ငံများထက် နောက်ကျခဲ့ရသည်။ လွတ်လပ်ရေး နှင့်အချုပ်အခြာ အာဏာပိုင်စိုးရေးအတွက်
နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမတို့၏ အသက်နှင့် သွေးများကိုရင်းကာ
တွန်းလှန်တိုက်ခိုက် ခဲ့ရခြင်းကို ရင်ထဲတွင် အမြဲအမှတ်ရပြီး မြန်မာ့သမိုင်း တစ်လျှောက်
ကြုံတွေ့ခဲ့ ရသည့် ခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာ ယူလျက် နိုင်ငံတော်ဖွံ့ဖြိုး
တိုးတက်ရေး၊ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး တို့အတွက် တိုင်းရင်းသား ညီအစ်ကို
မောင်နှမများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပေသည်။
ချစ်ကြည်
လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-
နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားပြန်လည်
စည်းလုံးညီညွတ်မှု တိုးတက် ခိုင်မာစေရေး အတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနှင့်
လက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပေသည်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သည့်
လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်မည့် ညှိနှိုင်းဆွေးနွေး မှုများကို အောင်မြင်စွာ
ဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိနေပြီဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆိုင်ရာ
ကိစ္စရပ်များနှင့် ပတ်သက်၍ လိုင်ဇာဒေသတွင် ကျင်းပပြုလုပ် ခဲ့သည့် တိုင်းရင်းသား လူမျိုး
ပေါင်းစုံ ပါဝင်သည့် ဆွေးနွေး ပွဲသည် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင် အရေးကြီးသော
သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပေသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေး မြှင့်တင် သွားရန်အတွက် ကြိုးပမ်းမှုအားလုံးကို အင်တိုက်
အားတိုက် ထောက်ခံသွားမည် ဖြစ်ပေသည်။
ချစ်ကြည်
လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို
ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ရာတွင် တွေ့ကြုံရမည့်
ပြည်တွင်း ပြည်ပမှ စိန်ခေါ်မှုများ၊ ခြိမ်းခြောက် မှုများနှင့် နှောင့်ယှက် မှုများကို
တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ စုပေါင်း ညီညွတ်သည့် အင်အားဖြင့် တွန်းလှန်နိုင်မည်
ဖြစ်သည်ကို ယုံကြည်ပါသည်။
အထူးသဖြင့် မျက်မှောက် ကာလတွင် အရှိန်အဟုန်
မြင့်မားစွာ တိုးတက်လာသည့် နည်းပညာ၏ ကောင်းကျိုးများကို အတူတကွ မျှဝေခံစားကြပြီး ဘေးထွက်
ဆိုးကျိုးများ ကိုလည်း တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကျော်လွှားနိုင်ရန်
အတူတကွ ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် နိုင်ငံတော်ကြီး အေးချမ်း
သာယာပြီး အဘက်ဘက်မှ ခေတ်မီဖွံ့ဖြိုး တိုးတက်လျက် ရှိနေပြီဖြစ်ပြီး နိုင်ငံတကာ အလယ်တွင်
မျက်နှာ ပွင့်လန်းနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်မှ စတင်ပြီး
အာဆီယံ အဖွဲ့သို့ ဝင်ရောက် ခဲ့ရာ ယခုနှစ်တွင် ၁၇ နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ ၁၇
ခုနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ပထမဆုံး အကြိမ် လက်ခံရယူ နိုင်ခဲ့ပြီး ယခုနှစ်အတွင်း
ကျင်းပသည့် အာဆီယံ ထိပ်သီး အစည်းအဝေးများ၊ ဆက်စပ် အစည်းအဝေး များကို မြန်မာ နိုင်ငံတွင်
လက်ခံ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်လျက် ရှိပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း (၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏
ယဉ်ကျေး သိမ်မွေ့မှု၊ ဖော်ရွေပျူငှာမှု၊ ကူညီ စောင့်ရှောက် တတ်မှု၊ ကိုယ်ကျင့် တရားမြင့်မားမှု
စသည့် နိုင်ငံနှင့် လူမျိုး၏ မြင့်မားသည့် ပုံရိပ်ကို ဖော်ထုတ် ပြသနိုင်ခဲ့ ပေသည်။
ထိုသို့ ပြသ နိုင်ခဲ့ခြင်းသည် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ ပြည်ထောင်စု စိတ်ဓာတ်နှင့်
စစ်မှန်သည့် မျိုးချစ်စိတ် တို့ကြောင့်ပင် ဖြစ်ပေသည်။
ချစ်ကြည်
လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-
ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင်
တိုင်းရင်းသား အားလုံး တန်းတူရည်တူ ပါဝင်ဖော်ဆောင် နိုင်မှုသည် အရေးကြီးလှပါသည်။ ထိုသို့
ပါဝင် ဖော်ဆောင် နိုင်သည့် အတွက် ရရှိလာသည့် အောင်မြင်မှု အသီးအပွင့် ရလဒ်ကောင်းများ
ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီ ဖြစ်ပါသည်။ တိုင်းရင်းသား သွေးစည်းညီညွတ်မှု၊
အမျိုးသား ပြန်လည် သင့်မြတ်မှုကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက် နိုင်သည်နှင့်အမျှ
ငြိမ်းချမ်းသာယာ ၀ပြောသည့် ခေတ်တစ်ခေတ်ကို တည်ဆောက် နိုင်မည်မှာ မလွဲမသွေ ဖြစ်ပေသည်။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး ရရှိပြီးသော အခြေခံ ကောင်းများဖြင့် စည်းကမ်း
ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာ၌ ခိုင်မာသည့် ပြည်ထောင်စု စိတ်ဓာတ်၊
စစ်မှန်သည့် မျိုးချစ်စိတ် တို့ဖြင့် သွေးစည်းညီညွတ်စွာ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း
ဖော်ဆောင် ကြပါရန် မင်္ဂလာရှိသော ပြည်ထောင်စုနေ့ အခါ သမယတွင် တိုက်တွန်း နှိုးဆော် လိုက်ပါသည်။
No comments:
Post a Comment