ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားအားလုံး
ဥမကွဲ သိုက်မပျက် အတူတကွ ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို
ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ ရရှိထားပြီးဖြစ်သည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုကို
ခိုင်မာအောင် တည်ဆောက်ရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို
နိုင်ငံသားအားလုံး အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ပြည်သူအားလုံး လက်တွဲပူးပေါင်း
တည်ဆောက်ရေးဟူသည့် အမျိုးသားရေးဦးတည်ချက် များနှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပသည့်
၂၀၁၄ ခုနှစ် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ
အခမ်းအနားတို့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပ
သည်။
နံနက်(၅)နာရီမှစတင်၍ အခမ်းအနားသို့
တက်ရောက်ကြမည့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသား
တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် စုရပ်အသီးသီးမှ အခမ်းအနား ကျင်းပမည့် မြို့တော်ခန်းမဥပစာရင်ပြင်ရှိ
သတ်မှတ်နေရာများသို့ စနစ်တကျ ဝင်ရောက်နေရာယူကြသည်။
ထို့နောက် နံနက်(၅)နာရီခွဲတွင်
(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို စတင်ကျင်းပရာ တိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ
အလံတင်တပ်စုက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံအား လွှင့်တင်ပေးသည်။
(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့
နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို နံနက်(၇)နာရီတွင် ကျင်းပရာ တပ်မတော်(ကြည်း၊ ရေ၊
လေ)ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမဥပစာရင်ပြင်သို့ ချီတက်နေရာ ယူကြသည်။
ယင်းနောက် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမဥပစာရင်ပြင်သို့
ရောက်ရှိလာပြီး စင်မြင့်ပေါ်၌ နေရာယူသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည်
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဒုတိယသမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများက
ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့က
နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂၀၁၄ ခုနှစ် (၆၇)နှစ်မြောက်
ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးနန္ဒကျော်စွာ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
တပ်မတော် အရာရှိကြီး များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နေပြည်တော်တိုင်း
စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှု
ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊
ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များမှ
မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူ ကိုယ်စားလှယ်များနှင့်
ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား (၂၃၂၀) တက်ရောက်ခဲ့ကြသည်။ (သတင်းစဉ်)

No comments:
Post a Comment