နေပြည်တော်-ဖေဖော်ဝါရီ(၁၂)
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၏ အထိမ်းအမှတ်တစ်ခုဖြစ်သော ကျောက်ကလပ်ဆံတော်ရှင် စေတီတော်မြတ်အဝင်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ(၁၂)ရက် နံနက်(၉)နာရီခွဲက ကျင်းပသည်။
အဆိုပါလမ်းသည် ယခင်က မြေနီလမ်းကလေးသာဖြစ်ပြီး မိုးရာသီတွင် ရွှံ့ဗွက်များထပြီး နွေရာသီတွင် ဖုန်ထူထပ်သောလမ်းဖြစ်၍ တစ်နှစ်ပတ်လုံး ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ၊ နိုင်ငံခြားသားဧည့်သည်များ လာရောက် လည်ပတ်ဘုရားဖူးကြရာ ဘုရားဖူးများ စိတ်ချမ်းမြေ့စွာ လာရောက်ဖူးမြော်ကြည်ညို သဒ္ဓါပွားများနိုင်စေရန် အရှည်ပေ(၂၆၀၀)၊ အကျယ်(၁၆)ပေ၊ လမ်းပခုံးတစ်ဖက်လျှင် (၃)ပေ အကျယ်ရှိ ကွန်ကရစ်လမ်းသစ်အား ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထိုလမ်းဖြစ်မြောက်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၄၀)၊ ဘိလပ်မြေအိတ်(၁၀၀၀)အတွက် ငွေကျပ်(၃၇)သိန်း စုစုပေါင်းငွေကျပ်(၇၇)သိန်း၊ ကျောက်ကလပ် ဆရာတော်၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ဒေသကျေးရွာများမှ ပြည်သူများ သဒ္ဓါထက်သန် စွာဖြင့် ငွေကြေးဒါန၊ ပစ္စည်းဒါန၊ လုပ်အားဒါနများ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့ကြသည်။
လမ်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က လမ်းသစ်လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ကျောက်ကလပ်ဆံတော်ရှင်စေတီတော်မြတ် ဂေါပကအဖွဲ့ ဦးမောင်လှိုင်က ကျေးဇူးတင် စကားပြောကြားကာ ကွန်ကရစ်လမ်းသစ်အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ရဲသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတေဇတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment