နေပြည်တော်-ဖေဖော်ဝါရီ(၁၂)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က
တည်ခင်းဧည့်ခံသည့် ၂၀၁၄ခုနှစ်(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့်
ညစာစားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌
ကျင်းပသည်။
ရှေးဦးစွာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့သည်
အခမ်းအနားသို့ တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ တောင်ကြီးမြို့မှ ပန်းချီဆရာစိုင်းလေးမြတ်
ရေးဆွဲသော ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်များ၏
ပုံတူပန်းချီကားများကို ကြည့်ရှုအားပေးသည်။
ထို့နောက် တက်ရောက်လာကြသူများအား
ညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး
ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး
ဒေါ်ခင်လေးသက်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်ဇနီး ဒေါ်ခင်ပြုံး၊ ပြည်ထောင်စု
တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်
(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊
လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီးများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊
နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များ
စုံညီစွာတက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ့အသံခေတ်ပေါ်
တေးဂီတအဖွဲ့နှင့်တွဲဖက်၍ ပြည်ထောင်စုတိုင်းရင်းသား တိုင်းရင်းသူများနှင့် တေးသံရှင်များက
တေးသံသာများဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။
ညစာစားပွဲအပြီးတွင် တက်ရောက်လာကြသူများအား
မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့်
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာ ကြသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက
အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ (သတင်းစဉ်)
No comments:
Post a Comment