Wednesday, February 19, 2014

မွေးရာပါကိုယ်အင်္ဂါချို့တဲ့မှု ကာကွယ်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



 နေပြည်တော်-ဖေဖော်ဝါရီ(၁၈)
ကျန်းမာရေးဦးစီးဌာန အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော မွေးရာပါကိုယ်အင်္ဂါ ချို့တဲ့မှုကာကွယ်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝန်း၌ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့မှုသည် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်လာကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများတွင် တစ်နှစ်အောက် ကလေးသေဆုံးမှု၏ (၃၀)ရာခိုင်နှုန်း သည် မွေးရာပါကိုယ်အင်္ဂါ ချို့တဲ့မှုကြောင့် ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် သံဓာတ်နှင့် ဖောလစ် အက်ဆစ်ဆေးပြားများကို တိုက်ကျွေးခြင်း ဖြင့်သော်လည်းကောင်း၊
နေ့စဉ်စားသုံးသော အာဟာရတွင် ဖြည့်စွက် စားသုံးခြင်းဖြင့်သော်လည်းကောင်း မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့သည့် ကလေးများမွေးဖွားခြင်းကို ကာကွယ် နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆိုပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ဆီးချိုသွေးချိုရောဂါဖြစ်ပွားသူ ပိုမိုများပြားလာပြီး ဆီးချို သွေးချို ရောဂါရှင်မိခင်များမှ မွေးရာပါ ကိုယ်အင်္ဂါ ချို့တဲ့သောကလေးများ မွေးဖွားလာနိုင်ကြောင်း၊ ရေရှည်ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများကို ရှာဖွေရန် လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသော နည်းဗျူဟာများကို ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်မည့်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
 အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (WHO/SEARO) နှင့် အမေရိကန်နိုင်ငံ Centers  for  Disease  Control   and  Prevention (CDC) တို့မှပညာရှင်များ၊ UNICEF မှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ တက်ရောက်ကြသည်။
 ဆက်လက်၍ တက်ရောက်လာသူများက ကမ္ဘာနှင့် မြန်မာနိုင်ငံ၏ မွေးရာပါကိုယ်အင်္ဂါချို့တဲ့မှု အခြေအနေများ၊ ကာကွယ်ရေးနည်းဗျူဟာများကို တင်ပြဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၉)ရက် အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment