Thursday, February 20, 2014

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေကြခြင်းအတွက် အားရကျေနပ်မိ



ရန်ကုန် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနားနှင့်အဖွဲ့သည် ခရီးစဉ်ပြီးဆုံး၍ ပြန်လည် မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင် ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ မီဒီယာများ တက်ရောက်ခဲ့ကြသည်။

အဆိုပါရှင်းလင်းပွဲတွင် မစ္စတာကင်တားနားက "မြန်မာနိုင်ငံသို့ န၀မ အကြိမ်နှင့် နောက်ဆုံးအကြိမ် အဖြစ် ရောက်ရှိ ခဲ့ပြီး ခြောက်ရက်ကြာ နေထိုင်ခဲ့ပါကြောင်း၊ ယခုခရီးစဉ် အတွက် နိုင်ငံတော်အစိုးရ၏ ဖိတ်ကြားမှုနှင့် အကူ အညီပေးမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း။
နေပြည်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းဝင်များ၊ အမျိုးသားလွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ရန်ကုန်တွင်ရှိနေစဉ် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်လေ့လာ ခွင့်ရခဲ့ပါကြောင်း။
ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေအကျဉ်းထောင်နှင့် ဒုက္ခသည်စခန်းအချို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး ရခိုင်ပြည် နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူနှင့်လည်း တွေ့ဆုံခဲ့ကာ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ပါကြောင်း၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူများ နှင့်လည်း တွေ့ဆုံခဲ့ပါကြောင်း။
ထို့ပြင် ကချင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး အစိုးရနှင့် ကချင်လွတ်မြောက် ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှု စဉ်များ အကောင်အထည်ဖော်နေမှု ကို ဆွေးနွေးခဲ့ပါကြောင်း၊ လိုင်ဇာဒေသ သို့လည်း သွားရောက်ခွင့် ရရှိခဲ့ပါကြောင်း အစိုးရက ထိန်းချုပ်ထားခြင်း မရှိသော ဒေသို့ သွားရောက်ခွင့် ရရှိခြင်းမှာ လူ့အခွင့် အရေး အစီရင်ခံစာရေးသားသူ တစ်ဦး အနေဖြင့် ပထမဆုံးအကြိမ်ပင် ဖြစ် ပါကြောင်း၊ စစ်ပွဲကြောင့် လူ့အခွင့် အရေး ချိုးဖောက်မှုများရှိနေသည် ဆိုသော စွပ်စွဲချက်အမျိုးမျိုးကို လည်း ကြားသိခဲ့ရပါကြောင်း၊ လာမည့်လများအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ရရှိရေးမှာ အရေးကြီးလှကြောင်း။
အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်းနေကြခြင်းအတွက် အားရ ကျေနပ်မိပါကြောင်း အုပ်စုတစ်ခုချင်းအလိုက် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်း၊ ဧပြီလ ထက်နောက်မကျဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး ရရှိမည့် အလားအလာကိုလည်း တွေ့မြင်ခဲ့ရ ပါကြောင်း။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ ရရှိကြပြီးနောက် နိုင်ငံရေး ဆွေးနွေးမှုများတွင် သက်ဆိုင် သူများအားလုံး ပါဝင်ခွင့်ရရှိရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၌  ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များကို နိုင်ငံတော်အစိုးရက အလေးပေး ဆောင်ရွက်နေပါကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင် ပြောင်းလဲရေးနှင့်ခွဲခြားမရ နိုင်ပါကြောင်း တိုင်းရင်းသားများ၏ ဆန္ဒနှင့် ၄င်းတို့၏ ကံကြမ္မာကို ဖန်တီးနိုင် ရန် ပြုပြင်ပြောင်းလဲမှုများလိုအပ်ပါကြောင်း။
ဥပဒေပြု အဖွဲ့အစည်းများ ကလည်း ပြုပြင်ပြောင်းလဲရေးအစီ အစဉ်ကို အကောင်အထည်ဖော်နေပါကြောင်း တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးစံနှုန်းများ မြင့်မားတိုးတက်စေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်ပေးနိုင်မည့် ဥပဒေများကို လွှတ်တော် ကိုယ်စားလှယ်များက ဦးစားပေးဆောင် ရွက်ရန် လိုအပ်ပါ ကြောင်း။
မီဒီယာလွတ်လပ်ခွင့် တိုးတက် ရရှိအောင် ဆောင်ရွက်နေခြင်း အတွက် ချီးကျူးပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် အငြင်းပွားမှု ရှိနေသော သတင်းသမားများကိစ္စတွင် တာဝန်ရှိသူများအနေဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ညှိနှိုင်းဆောင် ရွက် စေလိုပါကြောင်။ ယုံကြည်ချက်ကြောင့်  အကျဉ်း ကျခံခဲ့ရသူများအား ပြန်လွှတ်ပေး မှုများ တိုးတက်မှု ရှိလာ ပါကြောင်း
၂၀၁၁ ခုနှစ် မေလနောက်ပိုင်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များအရ ယင်းသို့ အကျဉ်းသား ၁၁၀၀ ကျော် ပြန် လည် လွတ်မြောက်လာခြင်းသည် နိုင်ငံတော်သမ္မတကြီး၏ အစိုးရအဖွဲ့လက်ထက်တွင် အရေး ပါသော အောင်မြင်မှုတစ်ရပ်ဖြစ်ပါကြောင်း။ လူ့အခွင့်အရေး စံနှုန်းမျာမြင့်မားခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို ဖော်ဆောင်ပါကြောင်း၊ ရန်ကုန်မြို့တွင် ရှိနေစဉ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ သွား ရောက်လေ့လာခဲ့ပါကြောင်း၊ စီမံကိန်းလုပ်ငန်းကြောင့် ဒေသခံများကို နေရာရွှေ့ပြောင်း ရသည့်ကိစ္စတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာပါမည်ဟု သီလဝါစီမံခန့်ခွဲရေး ကော်မတီက ပြောကြားခဲ့ပါကြောင်း။
မိမိသွားရောက်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာရှိ ကြေးနီသတ္တုတွင်း ပတ်ဝန်းကျင်ရှိဒေသခံများ၏  စိုးရိမ်ပူပန်မှုများ ကင်းဝေးစေရန် ဆွေးနွေးညှိနှိုင်းမှုများ လိုအပ်ပါ ကြောင်း၊ စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် လူအခွင့်အရေးကိစ္စရပ်များ ကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း။
လူ့အခွင့်အရေး အစီရင်ခံစာ ရေးသားသူအဖြစ် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အခြေအနေ ပိုမိုကောင်းမွန်လာသည့် အရေးပါ သောအပြောင်းအလဲများ ကို တွေ့မြင်ခဲ့ ရပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သည် လူ့အခွင့်အရေး စံနှုန်းများကို အလေးပေးလျက်ရှိရာ နိုင်ငံတကာ အသိုက်အဝန်းနှင့်လည်း  လက်တွဲကြိုးပမ်း သွားမည်ဟု မျှော်လင်ပါကြောင်း၊ ယခု ခရီးစဉ်အတွင်း အစိုးရကအပြည့်အဝ ပူးပေါင်း ဆောင်ရွက်ခြင်းအတွက် ချီးကျူးပါကြောင်း၊ ကုလသမဂ္ဂပဋိဉာဉ် စာတမ်းပါ မျှော်လင်ချက်နှင့်အညီ မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်း အကြား တိုးတက်သော ထိတွေ့ ဆက်ဆံမှုများကို စံနမူနာအဖြစ် ပြသနိုင်မည်ဟု ယုံကြည်ပါကြောင်း" ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာ သည့် ပြည်တွင်း ပြည်ပ သတင်း မီဒီယာများဖြစ်သော AP, VOA, BBC, AFP, Eleven Media Group, Myanmar Times, Mntv, ကျိုဒိုနယူးစ်၊ မွန်းတည့်နေ၊ မဇ္ဈိမနှင့် ဧရာဝတီစသည့် ပြည်တွင်းပြည်ပ သတင်းဌာန များမှ မောင်တော ဖြစ်စဉ်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မှုများ၊ သတင်းမီဒီယာ လွတ်လပ်မှု၊ သီလဝါ အထူးစီးပွားရေးဇုန်၊ လက်ပတောင်းတောင် စီမံကိန်းဆိုင်ရာ  ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ မစ္စတာကင်တားနား က ပြန်လည်ရှင်းလင်းဖြေကြားပြီး ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန် လည်ထွက်ခွာ သွားကြောင်း သိရှိရသည်။
မစ္စတာကင်တားနားသည် ယခု ခရီးစဉ်အတွင်း တွေ့ရှိခဲ့သော အချက်အလက်များနှင့် ပတ်သက်သည့် အစီအရင်ခံစာကို လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးသို့ မတ်လ ၁၇ ရက်တွင် တင်သွင်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment