Wednesday, February 19, 2014

ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီသို့ မေးမြန်းအကြံပြုချက် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက်များအား ထုတ်ပြန်ကြေညာ



(ယမန်နေ့မှအဆက်)
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဆောင်ရွက်မှု အခြေအနေများ
၁။ ဆိပ်ကမ်းမြို့နယ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းပါဝင်ပြီး ဆိပ်ကမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအင်အား များကို အခြားခရိုင်၊ မြို့နယ်ရုံးများသို့ တွဲဖက်ထားပါသည်။ ဆိပ်ကမ်းမြို့နယ်၏ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သန့်/သာသာဝန်ထမ်းနှင့် တွဲဖက်ဆောင်ရွက်ရသဖြင့် ထိရောက်မှုမရှိကြောင်း တွေ့ရှိရပါ သည်။ သို့ဖြစ်ပါ၍
စည်ပင်လုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းများ အား ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စည်ပင်မှ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်သင့်သည်ဟု ယူဆပါသည်။ သို့ဖြစ်ရာ ဆိပ်ကမ်း မြို့နယ်စည်ပင်ရုံးကို သီးခြားပြန်လည်ဖွဲ့စည်း၍ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများ၊ မြစ်တွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်ရှိ/မရှိ သိရှိလိုပါသည်။ ဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက် မည်၊ မဆောင်ရွက်ပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို ရှင်းလင်းဆွေးနွေးပေးပါရန် မေးမြန်းချက်နှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့နယ်သည် ၀ ဒသမ ၅၁၁ စတုရန်းမိုင်ရှိပြီး ရပ်ကွက်အားဖြင့် သုံးခု၊ အိမ်ခြေ ၃၀၊ အိမ်ထောင်စု ၂၄၀၊ လူဦးရေ ၁၅၀၀၊ ဌာနဆိုင်ရာအဆောက်အအုံ ၁၁ ခုရှိပြီး ပေါင်းစည်း ပြေစာကောက်ခံရန် အလွန်နည်းပါးသော ပမာဏဖြစ်ပါသည်။ စားသောက်ကုန်လုပ်ငန်း ၂၀ ခန့်ရှိပြီး လုပ်ငန်းခုနစ်ခုကို လုပ်ငန်းလိုင်စင်ချထား ပါသည်။ ဆိပ်ကမ်းမြို့နယ်ရုံးသည် ရေးဆွဲပြီး ဖွဲ့စည်းပုံအရ မူလခွင့်ပြု ၄၂ ဦး၊ ခန့်ထား ၁၂ ဦးရှိပြီး အနောက်ပိုင်းခရိုင်ရုံးနှင့် အခြားမြို့နယ်ရုံးများတွင် တွဲဖက်တာဝန် ထမ်းဆောင်နေပါသည်။ ဆိပ်ကမ်းမြို့နယ်ရုံး လုပ်သင့်/မလုပ် သင့်ကို EC မှာ ပြန်လည် ဆွေးနွေးပြီး မြို့တော်ဝန်ကိုတင်ပြပါမည်။ လက်ရှိမှာမြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှလည်း ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။ ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်က နာယကအဖြစ် ဆောင်ရွက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေး ကော်မတီမှလည်း ဆောင်ရွက်နေသောကြောင့် overlap lapping မဖြစ်စေရန် ပေါင်းစပ်အားဖြည့် ညှိနှိုင်းဆောင်ရွက် ပါမည်။ လမ်းဘေးဈေးသည် ရှင်းလင်းရေးနှင့်ပတ်သက်၍ တတ်နိုင်သလောက် ဖြေလျှော့ပြီး လုပ်ဆောင်နေပါသည်။ လမ်းမကြီးငါးသွယ်တွင် အချိန်ပိုင်း အကန့် အသတ်ဖြင့် ရောင်းခွင့်ပြုထားပြီး လမ်းသွယ်များတွင် ရောင်းချခွင့်ပြုထားပါသည်။ ဈေးကောက် ကောက်ခံခြင်းမပြုဘဲ အချိန်မရွေးဖယ်ရှား၍ရရန် ဆောင်ရွက်ထား ပါကြောင်း ဖြေကြားအပ်ပါသည်။
၂။ လမ်းမတော်မြို့နယ် (၁၁)ရပ်ကွက် လမ်းသစ်ရိပ်သာ အဆင့်မြင့်အိမ်ရာ ဆောက်လုပ်ရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြေညာချက်ထုတ်ပြန်ပြီး ပထမအကြိမ်လာရောက်ဆွေးနွေးခဲ့ပါသည်။ ဒုတိယအကြိမ် စာဝေခဲ့ပါသည်။ ပြည်သူတွေကလည်း နိုင်ငံတော် အစီအစဉ် ဖြစ်သည့်အတွက် ကန့်ကွက်ခြင်းမရှိပါ။ ထို့ကြောင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်မေးမြန်းခြင်းနှင့် ပတ်သက်၍ ၂၆-၁-၂၀၁၄ ရက်နေ့ နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးရန် စာဖြန့်ဝေထားပါ သည်။ လမ်းသစ်ရိပ်သာနှင့်ပတ်သက်၍ စီမံကိန်းဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိပါသည်။ မကြာမီမှာပင် အဆောက်အအုံ Design ကို သတင်းစာမှ တင်ဒါ ခေါ်ယူ၍ မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီသည့် အသင့်တော်ဆုံး Design ကို ရွေးချယ်ပြီး တည်ဆောက်မှုများ ပြုလုပ်သွားပါမည်။ ဆောက်လုပ်မည့် ကုမ္ပဏီ ကိုလည်း အမြန်ဆုံးရွေးချယ်ပြီး ဆောက်လုပ်ပေးမည်။ အဆောက်အအုံ Design ပိုင်းအား တာဝန်ယူရွေးချယ်ပေးမည်။ ပြည်သူလိုချင်တာတစ်မျိုး ဆောင်ရွက် တာတစ်မျိုး မဖြစ်အောင် ဆောင်ရွက်ပေးမည်။ ရွှေ့ပြောင်းခ၊ ဆောက်လုပ်စဉ် အတွင်း ငှားရမ်းနေထိုင်ရသည့် အိမ်လခစရိတ်များ စီစဉ်ပေးမည်။ လမ်း သစ်ရိပ်သာတွင်လည်း ပြန်နေရမည်။ ခေတ်မီ နည်းပညာများနှင့် ဆောက်ခြင်းဖြစ်၍ အစိုးရ ပထမသက်တမ်း ကာလအတွင်း ပြီးအောင် ဆောက်လုပ်မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
၃။ လသာမြို့နယ်မှ လမ်းဖြတ်သန်းရာတွင် ပြည်သူများအဆင်ပြေစေရန် အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ပိုမိုလွယ်ကူစေရန် ခုံးကျော် တံတားများအစား မြေအောက်မှ ဖြတ်သန်းသွားနိုင်သည့် နည်းပညာကို အသုံးပြုစေလိုကြောင်း အကြံပြုမေးမြန်းချက်နှင့် ပတ်သက်၍ လမ်းဖြတ်သန်း ရာတွင် ပြည်သူများ ပိုမိုအဆင်ပြေ လွယ်ကူစေရန် အမိုးပါပြီး ရွေ့လျား စက်လှေ ကား တပ်ဆင်ထားသော ခုံးကျော်တံတားကို Design  စတင်ထုတ်နေပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို တာဝန်ပေးထားပါသည်။ လက်ရှိ အနေအထားအရ မြေအောက်မှ ဖြတ်သန်းသွားလာနိုင်မည့် နည်းပညာမှာ အခက်အခဲရှိပါကြောင်း ဖြေကြား အပ်ပါသည်။
၎။ ရန်ကုန်မြို့ Downtown ဧရိယာအတွင်း လမ်းဘေးဈေးသည် များပြားမှုကို လျှော့ချပေးစေလိုပါသည်။ သို့ရာတွင် ဆင်းရဲမွဲတေမှုပပျောက်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လမ်းဘေးဈေးသည်များအား အချိန်အကန့် အသတ်ဖြင့် လည်းကောင်း၊ တစ်ခြမ်းပိတ်၊ တစ်ခြမ်းဖွင့်အစီအစဉ်ဖြင့်လည်း ကောင်း ရောင်းချစေသင့်ကြောင်း ရပ်မိရပ်ဖများ၊ အထောက်အကူပြုအဖွဲ့များ အနေဖြင့် အကြံပြုမေးမြန်းခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအောက်တွင် ဆောင်ရွက်နေရသည့်အတွက် ရပ်မိရပ်ဖများ၊ အထောက်အကူပြု အဖွဲ့များမှ စပြီးတင်ပြ ပေးစေချင်ပါသည်။ ပြည်သူလူထု အုပ်ချုပ်ရေးစနစ်ဖြစ်သည့်အတွက် ပြည်သူမှစတင်ပြီး မြို့တော်ဝန်ကို ဆွေးနွေးတင်ပြပေးမည်ဆိုလျှင်၊ တက်ညီလက် ညီဆောင်ရွက်ပေးမည်ဆိုလျှင် သမ္မတကြီးညွှန်ပြသည့် ပြည်သူ ဗဟိုပြုစနစ်ကို လိုက်နာဆောင်ရွက်ပြီးသားဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
၅။ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဟာဓာတ်အားကြိုးလိုင်းအောက် ပေ ၃၀၀ အတွင်း အန္တရာယ်ရှိ၍ ချန်လှပ်ထားခဲ့ပြီး ယခုအခါ လူနေအိမ်ရာများ ချထားပေး နေသဖြင့် အဆိုပါလူနေအိမ်များနှင့် ပတ်သက်၍ အန္တရာယ်ရှိခြင်းအတွက် မည်သို့ ဆောင်ရွက်ထားရှိသည်ကို မေးမြန်းခြင်းနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင် လူနေရပ်ကွက် Residential Area များကို စနစ်တကျ Town Plan ရေးဆွဲပြီး မြေကွက်များဖော်ထုတ် နေရာချထားခဲ့ခြင်း ဖြစ်သည်။ မဟာဓာတ်အားလိုင်း အောက်ပေ ၃၀၀ နယ်မြေအတွင်း လူနေမြေကွက်ချထား ပေးခြင်းမရှိဘဲ မြေကွက်လပ် Open Space အဖြစ်သာ ထားရှိခဲ့ပါကြောင်း ဖြေကြားအပ်ပါသည်။
၆။ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်ကို ဆက်သွယ် ထားသည့် ထားဝယ်ချောင်ကြိုးတံတားအား အန္တရာယ် ကင်းဝေးရေးဆောင်ရွက် ပေးရန် မေးမြန်းချက်နှင့်ပတ်သက်၍ ၁၉၉၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့သော တံတားကြီးဖြစ်ပါသည်။ အရှည်ပေ ၄၈၀ ရှည်၍ အကျယ်ခြောက်ပေရှိသည်။ ၂၃ နှစ်ရှိပါပြီ။ လူဦးရေများပြားစွာ ဖြတ်သန်းနေသော တံတားကြီးဖြစ်သည်။ ၂၈-၅-၂၀၁၃ ရက်နေ့တွင် တံတားအထူးအဖွဲ့(၁)မှ ကြိုး ၁၆ ချောင်း ပြုပြင် လဲလှယ်ထားပြီးဖြစ်ပါသည်။ ကြိုးတံတား၏ ရေရှည်ခံနိုင်မှုသည် ဖြတ်သန်း သွားလာနေသည့် ပြည်သူလူထုပေါ်တွင်များစွာ မူတည်ပါကြောင်း ဖြေကြား အပ်ပါသည်။ (ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment