Wednesday, February 12, 2014

ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်-ဖေဖော်ဝါရီ(၁၂)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီ(၇)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘောဇလမ်းရှိ အမှတ်(၁)မူကြိုကျောင်း၊ အလုံမြို့နယ် အမှတ်(၄)မူကြို ကျောင်းနှင့် ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေး
သည်။
ဇန်နဝါရီ(၈)ရက် ညနေပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ထားဝယ်မြို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး ဇန်နဝါရီ (၉)ရက်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မြင့်မား တိုးတက်ရေးအတွက် ထားဝယ် မြို့နယ်၌ အိမ်တွင်းမှုသက်မွေး အတတ်ပညာသင်ကျောင်း တည်ဆောက်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ဇန်နဝါရီ(၁၀)ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်း ဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်ပြီး တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများ၊လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုစီးပွားဘ၀များမြင့်မား တိုးတက်ရေးအတွက် ထားဝယ်မြို့နယ်၌ အိမ်တွင်းမှုသက်မွေး အတတ်ပညာသင်ကျောင်း တည်ဆောက်ဖွင့်လှစ်နိုင်ရန် သိန်း(၃၀၀)ကျပ်၊ သွပ်အချပ်(၁၀၀)နှင့် အပ်ချုပ်စက် (၅)လုံးကို ပေးအပ်သည်။
ဆက်လက်၍ ထားဝယ်မြို့နယ်အတွင်းရှိ ထားဝယ်ဘိုးဘွားရိပ်သာအတွက်(၄ ဒသမ ၅)သိန်း၊ ကြက်စားပြင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၂)သိန်း၊ လေးထပ်ကျောင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် (၈၆ ဒသမ ၀၃)သိန်း၊ ပခုက္ကူကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၉ ဒသမ ၈၉)သိန်း၊ ပိန္နဲတောရပ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် (၈၆ ဒသမ ၀၃)သိန်း၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း(၈) ကျောင်းအတွက် (၄၈)သိန်းတို့အပါအဝင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကမြိုင်ရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ရေဖြူမြို့နယ်အတွင်းရှိ သာသနောဒယကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၊ မြိတ်မြို့နယ်အတွင်းရှိ တောင်သာယာဘိုးဘွားရိပ်သာ၊ တိုင်းရင်းသား လူငယ်များ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ၊ ဗုဒ္ဓဘာသာမိဘမဲ့အမျိုးသမီး ပရဟိတဂေဟာ၊ တနင်္သာရီမြို့နယ်အတွင်းရှိ ပ၀ကျေးရွာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ပုလောမြို့နယ် ပလောက်ကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ကော့သောင်းမြို့နယ်အတွင်းရှိ ရွှေတောင်ဦးလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာနှင့်မြို့နယ်များရှိ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် အလှူငွေများကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ကျွန်းစုမြို့နယ် ပထက်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ(၇ ဒသမ ၉၅)သိန်းနှင့် (၁၅ ဒသမ ၀၂)သိန်းတန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ထားဝယ်မြို့ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအား လှူဖွယ်ပစ္စည်းများ ထောက်ပံ့ပေးပြီး ထားဝယ်မြို့နယ် ကနိုင်းဒါးကျေးရွာရှိ အနာဂတ်ပျိုးခင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ကြေးငွေ(၆)သိန်းကို ချက်ချင်းထောက်ပံ့ပေးသည်။

ယင်းနောက် ကယ်ဆယ်ရေးဂိုဒေါင်နှင့် တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးမှူးရုံး ပိန္နဲတောရပ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ထားဝယ်မြို့ မူလတန်းကြိုကျောင်းတို့ကို ကြည့်ရှု စစ်ဆေးပြီး ဇန်နဝါရီ(၁၁)ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် မောင်းမကန်တိုက်နယ်ဆေးရုံ ဓာတ်မှန် ဆောင်သစ် ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment