Monday, February 24, 2014

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယရှေ့နေချုပ်၊ ရဲချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြန်ကြည့်ကြမည်ဆိုလျှင် နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး ရစေလိုလွန်းသည့် အတွက် နိုင်ငံတော်အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစပြီး လေးလအတွင်းမှာပင် လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါပြီး အဖွဲ့ဖွဲ့၍ စတင် တွေ့ဆုံဆွေးနွေး စေခဲ့ပါကြောင်း။
သို့သော် နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့သည့် ပဋိပက္ခ၊ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပဋိပက္ခ၊ ကမ္ဘာ့နိုင်ငံများအနက် မည်သည့်နိုင်ငံတွင်မှ မရှိသည့် ဤမျှလောက် များပြားသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့နှင့် ဖြစ်ပွားသည့် ပဋိပက္ခကို ငြိမ်းအေးသွားအောင် ဆောင်ရွက်ကြရာတွင် ပါဝင်သင့်သည့်သူများ ပါဝင်နိုင်အောင် စနစ်တကျ စီမံခန့်ခွဲ ကွပ်ကဲနိုင်အောင် ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ကြောင့် ၂၀၁၂ ခုနှစ် မေလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါကြောင်း။
နိုင်ငံတော်အစိုးရ သက်တမ်းသည် ယခုဆိုလျှင် ၃၅ လ ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ၃၅ လတာ ကာလအတွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် အချိန်သည် လပေါင်း ၃၀ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လွယ်ကူသည့် လုပ်ငန်းစဉ်တော့ မဟုတ် ပါကြောင်း၊ ပျမ်းမျှ လူ့သက်တမ်း တစ်သက်စာမျှ ရှည်ကြာခဲ့သည့် ဤလက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားပြည်သူများ၏ အသက်သွေးချွေး ပေါင်းများစွာ စတေးပေးဆပ် ခဲ့ရသကဲ့သို့ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုသည် ကြီးမားလွန်းသည့် အတွက် အခက်အခဲမျိုးစုံကြားမှ တွေ့ဆုံဆွေးနွေးနိုင်အောင် နည်းလမ်း ပေါင်းစုံကို အသုံးပြုခဲ့ရပါကြောင်း။
တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနှင့် မျက်နှာချင်းဆိုင် စကားပြောနိုင်အောင် တစ်ရက်ဆွေးနွေး၊ တစ်ရက်နောက်ဆုတ်သွားသော ဆွေးနွေးမှုမျိုး ရှောင်ရှားနိုင်အောင် မည်မျှအထိ အနစ်နာခံ လုပ်ခဲ့ကြရသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြည်နယ်၊ ပြည်ထောင်စု၊ ဗဟို စသည်ဖြင့် အဆင့်များ ခွဲပြီး ဆွေးနွေးခဲ့ကြရာ မကြာမီကာလအတွင်း အပြီးသတ် ဆွေးနွေးနိုင်မည့် အလားအလာများ မြင်နေရပြီ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ရပြီဟု အားပါးတရ အမည်နာမတပ်ပြီး ခေါ်ဆိုနိုင်သည့် အဆင့် မရောက်ရှိသေးသော်လည်း ယခုအခါ လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲမှု ရှိနေခြင်းသည် လက်နက်ကိုင် ပဋိပက္ခများ အကြားတွင် အဓိက မြေစာပင် ဖြစ်သည့် ဒေသခံပြည်သူလူထု အတွက် တန်ဖိုးမဖြတ်နိုင်သော ရလဒ်ကြီးတစ်ခုပင် ဖြစ်ပါကြောင်း။
ဒေသအားလုံးမဟုတ်သေးသော်လည်း ဤပဋိပက္ခကို အကြောင်းပြုပြီး သွားရေးလာရေး ကန့်သတ်ခဲ့သည့် နေရာဒေသ အတော်များများသို့ ယခု လွတ်လွတ်လပ်လပ် အချိန်အခါ မရွေး ဝင်ထွက်သွားလာနိုင်ကြပြီ ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံး အတိုင်းအတာ ကြည့်လျှင်လည်း နှစ်ဖက်တပ်များ၏ ထိတွေ့တိုက်ခိုက်မှုများ သည် အနည်းငယ်မျှသာ ရှိတော့သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရရှိထားသည့် ဤယာယီ အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် ရေရှည်အပစ်အခတ် ရပ်စဲရေး၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအဖြစ် ဆက်လက်ပြောင်းလဲ ဖြစ်ပေါ်လာနိုင်လိမ့် မည်ဟု မျှော်လင့်မိ ပါကြောင်း။
အပစ်အခတ် ရပ်စဲရေးသည် တကယ်တွင် ငြိမ်းချမ်းရေး မဟုတ်သေးပါကြောင်း၊ ငြိမ်းချမ်းရေး ဆီသို့ ဦးတည်သွားနေသည့် လမ်းစ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အစဟုသာ ဆိုနိုင်ပါကြောင်း၊ ယခု ရရှိပြီးဖြစ်သည့် အခြေအနေများမှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေး ပေါ်ပေါက်လာနိုင်အောင် ဆောင်ရွက်ကြရန်သည် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် မိမိတို့အားလုံး၏ တာဝန်ပင် ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များသည် လူထုလူတန်းစား အသီးသီးကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ် ကြီးများ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေး အကြံပြုခြင်းသည် လည်း ပြည်သူလူထု၏ လိုလားချက်ကို ထင်ဟပ်စေသည်ဟု မှတ်ယူပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်ဦးရွက်မှုဖြင့် အရှိန်အဟုန်ပြင်းသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် ကမ္ဘာက အံ့သြလောက်အောင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကအစ အောင်မြင်မှုများစွာ ရှိနေသော်လည်း စီးပွာရေးအောင်မြင်မှု နှေးကွေးနေဆဲဖြစ်ရသည့် အကြောင်းရင်းထဲတွင် ပြည်တွင်းပဋိပက္ခကြောင့် ငြိမ်းချမ်းရေး အပြည့်အဝ မရရှိသေးသည့် အချက်တစ်ချက်လည်း ပါဝင်နေပါကြောင်း။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် KNU, RCSS, CNF အဖွဲ့ဝင်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ အစည်းအဝေးတွင် တင်ပြကြ သည်များမှာ မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခ၏ မြစ်ဖျားခံရာသည် နိုင်ငံရေး ပြဿနာသာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းလိုသည့် အတွက်၊ မဖြေရှင်းနိုင်ခဲ့သည့်အတွက် လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်နေရခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မတရားအသင်း အက်ဥပဒေ ကိစ္စသည်လည်း နှစ်ဖက်အဖွဲ့များ နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်ရန် အဓိက အဟန့်အတား ဖြစ်စေသည်ဟုလည်း ဆွေးနွေး တင်ပြကြ ပါကြောင်း။
ယနေ့ မိမိတို့ မြန်မာနိုင်ငံ၏ ရှေ့ရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှု အပေါ် မူတည်နေသည့် အခြေအနေနှင့် ရွေးချယ်ဖို့ရာ လမ်းဆုံလမ်းခွပေါ် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။
အပြီးမသတ်နိုင်သေးသည့် ပန်းချီကားတစ်ချပ်ကဲ့သို့  ဤမပြီးဆုံးနိုင်သေးသည့် ပဋိပက္ခ များကြောင့်၊ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှု နည်းပါးနေမည်၊ ဖွံ့ဖြိုးမှု နှေးကွေးနေမည်၊ ဖွံ့ဖြိုးမှု ရပ်တန့်နေမည် သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ပြန်ဆုတ်နေမည် ဆိုလျှင် မိမိတို့ထက် အင်အားကြီးသည့် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လက်အောက်ခံဘဝကို တစ်စတစ်စ  မသိမသာ ပြန်ရောက်ရှိသွားမည့် အန္တရာယ် ရှိလာနိုင်ပါကြောင်း။
ထို့ကြောင့် မိမိတို့ အားလုံးပါဝင် ဆောင်ရွက်နေကြသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု  နှင့်အတူ နိုင်ငံတော်၏ အဖက်ဖက်သော ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပြီးဆုံးစေရေး၊ လက်တစ်ကမ်းလောက်တွင် ရောက်ရှိ နေသည့် ထာဝရငြိမ်းချမ်းရေး အောင်မြင်အောင် တက်ရောက်လာကြသူ ကော်မတီဝင် ပုဂ္ဂိုလ်များ အားလုံးတတ်စွမ်းသည့်ဖက်က အကြံဥာဏ်ပေး ပါဝင် ဆောင်ရွက်ပေးကြစေ လိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့က လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အောင်မြင်မှု အခြေအနေများနှင့် လိုအပ်ချက်များ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများ၊ သိရှိရန်လိုအပ်သည့် အချက် အလက်များ၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် ဆောင်ရွက် သွားကြရမည့် အထွေထွေကိစ္စရပ်များအပေါ် ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြသည်။

No comments:

Post a Comment