Monday, February 3, 2014

ကမ္ဘာလှည့်ခရီးသွားများအတွက် နေရာသစ် ခရီးစဉ်သစ်များလိုအပ်


ရန်ကုန် ဖေဖော်ဝါရီ  ၂
ကမ္ဘာလှည့်ခရီးသွားဦးရေ လာရောက်မှု တဖြည်းဖြည်းများလာသော မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား များကို ဆွဲဆောင်နိုင်မည့် ခရီးစဉ်သစ်များ ရှာဖွေဖော်ထုတ်ရန် လိုအပ်နေ ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ဆန်းသစ်သော သဘာဝပတ်ဝန်းကျင်နှင့်နေရာများ၊ ရှေး ဟောင်းသမိုင်းဝင် နေရာများကို ဖော်ထုတ်ရန် ကြိုးစားသင့်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လုပ်ကိုင် နေသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားများ ရောက်ရှိမှုမှာ ယခင် ၂၀၁၂-၂၀၁၃ ကထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်ကာလအတွင်း ပိုမိုများပြားခဲ့ရာ  လာမည့် မတ်လကုန်အထိ ကမ္ဘာ့ခရီး သွားဧည့်သည် စုစုပေါင်း နှစ်သန်းကျော် လာရောက်မည်ဟု ပုဂ္ဂလိကခရီးသွား လုပ်ငန်းအေဂျင်စီများက မျှော်မှန်း ထားသည်။ တစ်ဖန် လာမည့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင်လည်း ကမ္ဘာလှည့် ခရီးသွားဦးရေ ပိုမိုရောက်ရှိရန် အလားအလာရှိနေသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနနှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး ဌာနတို့ ပူးတွဲဆောင်ရွက်ရန် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ အဆိုပါ စာချွန်လွှာအရ တစ်နှစ်မှ သုံးနှစ်အထိ အထောက် အကူပြုအစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အီတလီနိုင်ငံ La Sapienza University  နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်မှ ပညာရှင်များ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင် နိုင်မည့် ခရီးစဉ်ဒေသများကို သုတေ သနပြုခြင်း၊ နှစ်နိုင်ငံ အပြန်အလှန် လေ့လာခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များပြု လုပ်ပြီး သုတေသနဖလှယ် ခြင်းများ ပြုလုပ်ကြရန် စီစဉ်ထား သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန် တစ်နှစ်မှ သုံးနှစ်အတွင်း အချိန်ယူ လုပ်ကိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် ရှေးဟောင်းလက်ရာ အဆောက်အအုံအများအပြားဆုံးရှိ နေရာ အထူးသဖြင့် ရန်ကုန်မြို့တွင်ကိုလိုနီခေတ်လက်ရာ အဆောက် အအုံများ ပေါများစွာ ရှိနေသည်။
အဆိုပါ ရှေးဟောင်းမြို့ပြအဆောက်အအုံများကို သီးသန့်လေ့လာလိုသည့် ကမ္ဘာလှည့်ခရီးသွားများလည်း ရှိ နေရာ သီးခြားအစီအစဉ်အဖြစ် သတ်မှတ်ကာ စည်ကားသော ညဈေးများ ပါ ဖွင့်လှစ်နိုင်ပါက ပိုမိုအဆင်ပြေနိုင် မည်ဟု ပုဂ္ဂလိက ခရီးသွားလုပ်ငန်းပိုင်ရှင် ဦးမောင်တိုးက ပြောသည်။ ရန်ကုန်မြို့တွင်သာမက တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ကမ္ဘာလှည့်ခရီးသွားများ အတွက် ခရီးစဉ်သစ်များဖော်ဆောင် က ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လိုစိတ်များပေါ်ပေါက်လာရန် ဆောင်ရွက်သွားရန် လိုအပ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခရီးစဉ်နေရာသစ်များ ဖော်ဆောင် ပါက သဘာဝရေပူစမ်း၊ ရေတံခွန် စသည့်နေရာများရှိနေသလို ကချင် ပြည်နယ် မိုးမောက်မြို့အနီးတွင် လည်း ရေပူစမ်းရှိနေသည်။ ထို့အတူ မွန်ပြည်နယ်တွင် စက်စဲကမ်းခြေ အပြင် အံခဲကမ်းခြေ၊ ကျိုက်မဝက် ကမ်းခြေ၊ ပင်လယ်ဝကမ်းခြေတို့ရှိ နေသလို ဧရာဝတီတိုင်းဒေသကြီး တွင်လည်း ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားနိုင်သည့် ခရီးစဉ်သစ်များ ဖော်ဆောင် နိုင်ပါက နေရာများစွာ ရှိနေသည်။

မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဒေသအသီးသီးတို့သည် သဘာဝအလှများကိုယ်စီ ရှိနေပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များလည်း ပိုင်ဆိုင်ကြလျက်ရှိရာ သဘာဝအလှမပျက်၊ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာ မပျက်ဘဲ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမည့် နေရာဒေသခရီးစဉ် သစ်များ ဖော်ထုတ်ရန် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ 

No comments:

Post a Comment