Monday, January 27, 2014

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ပထမအကြိမ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



ရန်ကုန်-ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ပထမအကြိမ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာ အသင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။




အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က နိုင်ငံတစ်နိုင်ငံတွင် ဘာသာ စကား၊ စာပေနှင့် ယဉ်ကျေးမှု တို့သည် ထိုနိုင်ငံ၏ နယ်နိမိတ်၊ နိုင်ငံတော်အလံ၊ သုံးစွဲသော ငွေကြေး တို့ကဲ့သို့ နိုင်ငံ၏ အမျိုးသား ရေးအမှတ်လက္ခဏာ များဖြစ်ပါကြောင်း၊ ဤလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ဆောင်ရွက်ချက်များအား ဂုဏ်ယူပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ စည်သူဦးတင်လှိုင်(လယ်တွင်းသား စောချစ်)က နှုတ်ခွန်း ဆက်စကားနှင့် နိုင်ငံအကျိုးပြုစာပေများပေါ်ထွန်းလာရေး ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) ကပြိုင်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က ကဗျာပြိုင်ပွဲတွင် ပထမဆုရ ဇော်မျိုးဟန် (ငါးသိုင်းချောင်း) အား ဆုပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ စည်သူ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးကျော်ဝင်း (မနုဿကျော်ဝင်း) နှင့် ဒုတိယ ဥက္ကဋ္ဌ (၂) ဦးအုန်းမောင်( မြင်းမူ မောင်နိုင်မိုး) တို့က ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲတွင် ဆုရရှိ ကြသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ဆုရရှိကြ သူများကိုယ်စား ကဗျာပြိုင်ပွဲ ပထမဆုရ ဇော်မျိုးဟန် (ငါးသိုင်းချောင်း) က ကျေးဇူးတင် စကား ပြောကြားသည်။ အခမ်း အနား အပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဆုရရှိကြ သူများသည် စုပေါင်း၍ မှတ်တမ်း ဓာတ်ပုံ ရိုက်သည်။
မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ပထမအကြိမ် ကဗျာပြိုင်ပွဲတွင် ပထမဆု ဇော်မျိုးဟန် (ငါးသိုင်းချောင်း)၊ ဒုတိယဆု ဒေါက်တာ မင်းလဲ့ရီ၊ တတိယဆု အဖျောက်မြေ မောင်ဆွေမွန်၊ အထူးဆု (၁) မောင်လွန်းမြိုင် (ပင်လယ်ဘူး)၊ အထူးဆု (၂) မြေလတ် မင်းလွင်တို့ ရရှိကြသည်။
ဆောင်းပါး ပြိုင်ပွဲတွင် ပထမဆု ရွှေငယ်ဝိုင်း (ကြို့ပင်ကောက်)၊ ဒုတိယဆု နေမင်းသူရိန်၊ တတိယဆု မောင်ချိုဝေ၊ အထူးဆု (၁) ခိုင် (မိတ္ထီလာ)၊ အထူးဆု (၂) ပန်းမြိုင်လယ် စိန်ဝင်းတို့ ရရှိကြပြီး ဝတ္ထုတို ပြိုင်ပွဲတွင် ပထမဆု မောင်အင်း (ဥက္ကံ)၊ ဒုတိယဆု ပန်းမြိုင်လယ် စိန်ဝင်း၊ တတိယဆု ကောင်းကင်မေ (စီးပွားရေး တက္ကသိုလ်)၊ အထူးဆု (၁) မောင်နီမှိုင်း (ကျောက်တန်း)၊ အထူးဆု (၂) သွဲ့ထားညို( သက္ကလ) တို့ရရှိကြသည်။

No comments:

Post a Comment