Monday, January 27, 2014

မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)တွင် ကျင်းပသော ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (2nd Myanmar Development Cooperation Forum – MDCF) တွင် နိုင်ငံတော် သမ္မတ ပြောကြားခဲ့သော အဖွင့်မိန့်ခွန်း



၁။ ယနေ့ကျင်းပတဲ့ “ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်”သို့ ကြွရောက်လာကြတဲ့ ဒုတိယသမ္မတနှင့် တကွ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသအစိုးရ အဖွဲ့များရဲ့ စီးပွားရေး ဝန်ကြီးများရဲ့ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ဂျင်ယောင်ကင်၊ အာရှ ဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဥက္ကဋ္ဌ မစ္စတာစတီဗင်ဂရော့ဖ်၊ UN-ESCAP အမှုဆောင် အတွင်းရေးမှူးချုပ် ဒေါက်တာ နိုလင်းဟေဇာ၊ ကမ္ဘာတဝှမ်းမှ အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့များမှ ကိုယ်စားလှယ်များနဲ့ ကြွရောက်လာကြတဲ့ ဧည့်သည် တော်များအား မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကမ္ဘာတဝှမ်းမှ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်များ အပါအဝင် အားလုံး စုံညီစွာ တက်ရောက် အားပေးကြတဲ့ အတွက် အလွန် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။
၂။ ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နဲ့ (၂၀) ရက်နေ့များတွင် ကျင်းပခဲ့ပါတယ်၊ အဆိုပါ ဖိုရမ်တွင် “ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘော တူညီချက်”ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်၊ နေပြည်တော် သဘောတူ ကြေညာချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရက ဆောင်ရွက်ရန် ကတိကဝတ်များနှင့် လုပ်ဆောင်ချက်များ ရှိသလို ဖွံ့ဖြိုးမှု မိတ်ဖက်များ ဘက်က လုပ်ဆောင်ပေးရမယ့် ကတိကဝတ်နဲ့ လုပ်ဆောင် ချက်များ ပါဝင်ပါတယ်၊ မိမိဘက်က ဆောင်ရွက်ရမယ့် ကတိကဝတ်များမှာလည်း နိုင်ငံတော်မှ ကျင့်သုံး ဆောင်ရွက်လျက် ရှိသည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အကျုံးဝင်လျက် ရှိကြောင်း တွေ့ရှိရပါတယ်။
၃။ နိုင်ငံတော် အနေနဲ့ ပြီးခဲ့တဲ့ လ(၃၀) အတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် (၄) ရပ် ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနဲ့ ပုဂ္ဂလိက ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်နှင့် ဆောင်ရွက်လျက် ရှိပါတယ်၊ ပထမအဆင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့် အတွက် တိုင်းရင်းသား လူမျိုးစုများအကြား အပြန်အလှန် နားလည်မှုနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခြေအနေ ကောင်းများ ဖြစ်ထွန်းခဲ့ပါတယ်။
၎။ ဒုတိယအဆင့် စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုကို ပြည်သူ ဗဟိုပြု ဖွံ့ဖြိုးမှု နည်းလမ်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး တိုးတက် ဖွံ့ဖြိုးမှု ရလဒ်ကောင်းများ ရရှိနေသလို ၂၀၁၂-၂၀၁၃ ခုနှစ် အတွက် စီးပွားရေး တိုးတက်နှုန်း ၇.၃% ရရှိခဲ့တဲ့ အတွက် မူလခန့်မှန်းတဲ့ ၆.၇% ကို ကျော်လွန်စွာ ဆောင်ရွက် နိုင်ခဲ့ပါတယ်၊ ဤအောင်မြင် ဖြစ်ထွန်း ရရှိခဲ့တဲ့ စီးပွားရေး တိုးတက်မှု ရလဒ်များဟာ နိုင်ငံတော်၊ ပြည်သူနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ ပူးပေါင်း ဆောင်ရွက်ခြင်းရဲ့ ရလဒ်တစ်ခု အနေနဲ့ တွေ့မြင်နိုင်ပါတယ်။
၅။ တတိယအဆင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး စနစ် ပြုပြင်ပြောင်းလဲမှုကို ဗဟိုထိန်းချုပ်မှု လျှော့ချခြင်းနှင့် ဒေသဆိုင်ရာ အစိုးရတွေရဲ့ အုပ်ချုပ်မှု စွမ်းရည် တိုးတက်ရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းများ တိုးတက်ရေး အတွက် ဒေသခံပြည်သူများ ကိုယ်တိုင် ပါဝင်ဆုံးဖြတ် အကောင်အထည် ဖော်နိုင်ရန် စီမံဆောင်ရွက် ပေးလျက် ရှိပါတယ်။
၆။ စတုတ္ထအဆင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုကို စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို အဟန့်အတား ဖြစ်စေသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို ဖြေလျော့ပေးလျက် ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ အားလုံးပါဝင်သော အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းထင်သာမြင်သာရှိမှု၊ တာဝန်ယူမှုများကို တိုးတက်အောင် ဆောင်ရွက်လျက် ရှိပါတယ်။
၇။ လက်ရှိကာလ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုများ စတင်ရရှိနေပြီ ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ အဆင့်သို့ တက်စေရန် များစွာ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်၊ ကျန်ရှိတဲ့ (၂၆)လအတွင်းမှာ ပြည်သူကို တိုက်ရိုက် အကျိုးပြုမည့် ဦးစားပေး ကဏ္ဍ (၇) ရပ်ဖြစ်တဲ့ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း တိုးတက်ရေး၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး လုပ်ငန်းများကို ဦးစားပေး အစီအစဉ်နဲ့ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။
၈။ ယခုအချိန်အခါမှာ  မြန်မာနိုင်ငံ အနေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်တဲ့ နေရာမှာ  နိုင်ငံတော် ဘဏ္ဍာငွေ တစ်ခုတည်း ပေါ်မှာသာ မှီခိုအားထား လုပ်ဆောင်တဲ့ အစဉ်အလာကနေ အခြားသော ငွေကြေး ဇစ်မြစ်များ ဖြစ်သည့် နိုင်ငံတကာ အကူအညီ အထောက်အပံ့၊ ချေးငွေနှင့် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေကို ရယူအသုံးပြုပြီး ကဏ္ဍအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းများကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။
၉။ ဒါကြောင့် နေပြည်တော် သဘော တူညီချက်တွင် ပါရှိသည့် ဖွံ့ဖြိုးရေး မိတ်ဖက်များက ဆောင်ရွက်ရန် ကတိကဝတ် ပြုထားသည့် အချက်များနှင့်အညီ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး အခြေအနေများကို တိုးတက်အောင် ပိုမိုပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုပါတယ်။
၁၀။ ၂၀၁၃ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးမှု သမိုင်းမှာ အားတက်စရာ ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်၊ တိုးတက်မှု ရလဒ်များဟာလည်း နိုင်ငံတော် အစိုးရ ပြည်သူများနှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးပေါင်း ဆောင်ရွက် နိုင်မှုများရဲ့ ရလဒ်များ ဖြစ်ပါတယ်။
၁၁။ မြန်မာနိုင်ငံ အနေဖြင့် ဘက်စုံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့်အတူ နိုင်ငံတကာ အသိုင်းအဝန်းနှင့် ပိုမို ပေါင်းစည်းလာပြီ ဖြစ်ပါတယ်။ စီးပွားရေး ပေါင်းစပ် ဆောင်ရွက်ချက် သာဓကအားဖြင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်၊ (၂၂)ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေးဖိုရမ် (အရှေ့အာရှ)၊ ပထမအကြိမ် မြန်မာ- အီးယူဖိုရမ်၊ မြန်မာဂလိုဘယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တို့ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါတယ်။
၁၂။ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်မှုများကို ကြည့်ရင် ပြည်တွင်း ငြိမ်းချမ်းရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွတ်ငြိမ်းခွင့် ပေးနိုင်ခြင်း၊ ပဋိပက္ခများ တည်ငြိမ် အေးချမ်း လာခြင်းများစတဲ့ တိုးတက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေး တည်ငြိမ်မှုနှင့် ပေါင်းစည်း ဆောင်ရွက်မှုကို တည်ဆောက် လာနိုင်ပြီ ဖြစ်ပါတယ်၊ ဒါတွေဟာ ပြည်သူများ ပါဝင်သော "ပြည်သူ ဗဟိုပြုဖွံ့ဖြိုးမှု" နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင် ဆောင်ရွက်မှုများ ပြုလာလို့ ဖြစ်ပါတယ်၊ ဒါ့အပြင် လူမှုရေးနှင့် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖြစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နှစ်ပေါင်း(၄၀) ကျော် အတွင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်၊ ဤသို့ ခမ်းနား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက်လည်း နိုင်ငံတကာ ဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများရဲ့ နည်းပညာအကူအညီ၊ ဖွံ့ဖြိုးမှု အကူအညီများက များစွာပါဝင် ပံ့ပိုးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
၁၃။ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်မှာ အားရစရာ တိုးတက်ဖြစ်ပေါ်မှုများ အနေနဲ့ မြန်မာနိုင်ငံအား အီးယူ၊ ဥရောပ၊ သြစတြေးလျနိုင်ငံများက ပိတ်ဆို့မှုများ ရုတ်သိမ်းခြင်း၊ ပို့ကုန်များ အပေါ် ကုန်သွယ်ရေး အထူးခံစားခွင့် ပေးခြင်း(GSP) တို့ကိုလည်း ရရှိခဲ့ပါတယ်၊ နယူးယော့ခ် ကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံ ဝင်ရောက်ခွင့် ရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက် လာနိုင်ပါတယ်။
၁၄။ ဒီလို ဖြစ်ပေါ် တိုးတက် လာတဲ့ ဖြစ်စဉ်များကို ပိုမို အရှိန်အဟုန် မြှင့်တင်နိုင်ရန် ယခုနှစ် ဖိုရမ်ရဲ့ ခေါင်းစဉ်ကို "တိုးတက်မှု အရှိန်မြှင့်ရေး - အားလုံးပါဝင် ပူးပေါင်း မြှင့်တင်ပေး(Accelerating Actions for Progress though Enhancing Inclusive Coordination)" ဆိုတဲ့ အနှစ်သာရ (Theme)ကို ရွေးချယ် ထားပါတယ်၊ ဒီဖိုရမ်ကနေ ထိရောက်စွာ အားလုံးပူးပေါင်း ထိတွေ့ ခံစားနိုင်တဲ့ လုပ်ဆောင်ချက် ရလဒ်ကောင်းတွေ အလျင်အမြန် ဖော်ထုတ် ဆောင်ရွက်နိုင်ကြဖို့ ဖိတ်ခေါ်လိုပါတယ်၊ အဲဒီလို ပူးပေါင်း ဆောင်ရွက် နိုင်ခြင်းဖြင့် ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည့် အောင်မြင်မှုများကို အရှိန်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ နိုင်ငံ၏ ဂျီဒီပီကို ၉.၁% တိုးတက်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်၊ ထိုသို့ ရည်မှန်းထားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နိုင်ငံဖွံ့ဖြိုးမှု အတွက် အဓိကကျသည့် အကူအညီ၊ အထောက်အပံ့များ၊ အတိုးမဲ့ချေးငွေ၊ အတိုးနှုန်း သက်သာသည့် ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ အကူအညီများကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် မျှော်မှန်းသည့် ဂျီဒီပီတိုးတက်မှုနှုန်း ရရှိရန် စီမံထားခြင်း ဖြစ်ပါတယ်၊ နိုင်ငံတော်၏ အမျိုးသား ဖွံ့ဖြိုး တိုးတက်မှု ပထမ (၅)နှစ် စီမံကိန်းနှင့် အမျိုးသား ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများကို ရေးဆွဲပြီး ဖြစ်သည့် အတွက် နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်များအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဆက်လက် ပူးပေါင်း ပါဝင်စေဖို့၊ ထိရောက်သည့် ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်ဖို့ အတွက် ဆောင်ရွက်ရာမှာ ပိုမိုရှင်းလင်း လွယ်ကူစေမှာ ဖြစ်ပါတယ်။
ကြွရောက်လာကြတဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ ခင်ဗျာ-
၁၅။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေမှာ ဖွံ့ဖြိုးမှု မိတ်ဖက်များ ပါဝင်ဆောင်ရွက်တဲ့ အကူအညီ အထောက်အပံ့တွေကို လိုအပ်တဲ့နေရာကို ရောက်ရှိနိုင်အောင် နိုင်ငံတော်က အဓိက မောင်းနှင်သူ နေရာယူပြီး နိုင်ငံတကာမှ ချမှတ်ထားတဲ့ ထောင်စုနှစ် ရည်မှန်းချက်များ ကဲ့သို့သော အစီအစဉ်များကို ဖြည့်ဆည်း ဆောင်ရွက် သွားနိုင်ရန် ကြိုးပမ်းလျက် ရှိပါတယ်၊ ဒါ့အပြင် နိုင်ငံရဲ့ တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုကို အထောက် အပံ့ဖြစ်စေမည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်သလို ဖွံ့ဖြိုးမှုမိတ်ဖက်များရဲ့ အကူအညီ အထောက် အပံ့များကိုလည်း အထိရောက်ဆုံး အကျိုးရှိစွာ အသုံးပြု ဆောင်ရွက်စေလျက် ရှိပါတယ်၊ ဒါကြောင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ အနေနဲ့ မိမိတို့ ဆောင်ရွက်လိုတဲ့ စီမံချက်များ ဦးစားပေးများနှင့် ပတ်သက်ပြီး သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ ဦးစားပေး အစီအစဉ်များ ရေးဆွဲ ညှိနှိုင်းခြင်း စသည်တို့ ပါဝင် ဆောင်ရွက်ခြင်း ဖြင့် နေပြည်တော် သဘောတူညီချက်ကို နှစ်ဘက်ပူးတွဲ ဆောင်ရွက်ကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။
၁၆။ ယခု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ၁ နှစ် အလှည့်ကျ တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်လို့  အာဆီယံ မိသားစုဝင် ကိစ္စများ အရှေ့အာရှနဲ့ အာရှဒေသ ဆိုင်ရာ ကိစ္စများ တစ်ကမ္ဘာလုံး ဆိုင်ရာ ကိစ္စများကို အာဆီယံ ဥက္ကဋ္ဌ နိုင်ငံအဖြစ် ဘက်စုံ ထောင့်စုံမှ လေးလေး နက်နက် ပါဝင် ဆောင်ရွက် နေပါကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို ဖိတ်ခေါ်ပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

၁၇။ နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံနဲ့ လက်ရှိ ဆောင်ရွက်လျက် ရှိတဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ အပေါ်မှာ မိမိပါဝင် ဆောင်ရွက်နိုင်တဲ့ နယ်ပယ် ရှုထောင့် ဦးစားပေး အစီအစဉ်နဲ့ ဦးတည် အုပ်စုများအပေါ် ဘက်စုံထောင့်စုံမှ ပါဝင်ကူညီ အားဖြည့် ပေးကြတဲ့ ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်အုပ်စု၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက် အလှူရှင်များ အပေါ် မြန်မာနိုင်ငံနှင့် ပြည်သူများရဲ့ ကိုယ်စား နှစ်ထောင်း အားရ ၀မ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားရင်း အနာဂတ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆထက်တပိုး ပူးပေါင်းလက်တွဲ ဆောင်ရွက် သွားကြပါစို့လို့ ဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါတယ်။

No comments:

Post a Comment