Sunday, January 19, 2014

အဋ္ဌမ အကြိမ်မြောက် ထွန်းဖောင်ဒေးရှင်း ၂၀၁၃ စာပေဆု ချီးမြှင့်ပွဲကျင်းပ



ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် စည်ပင်လမ်းသစ်ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်း အဆောက်အအုံ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ အဋ္ဌမအကြိမ် ထွန်းဖောင်ဒေးရှင်း (၂၀၁၃) စာပေဆု ချီးမြှင့်ပွဲ ကျင်းပသည်။

ထွန်းဖောင်ဒေးရှင်းသည် မြန်မာစာပေလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ပရိသတ် တိုးပွားရေး၊ စာကောင်း ပေမွန်များ ပေါ်ထွန်းရေးတို့ကို တစ်ဖက်တစ်လမ်းမှ ပါဝင် ထောက်ကူသော အားဖြင့် "ထွန်းဖောင်ဒေးရှင်း စာပေဆု" ကို ၂၀၀၅ ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့ပြီး စာအုပ်စာမူဆုများကို ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ထွန်းဖောင်ဒေးရှင်း အနေဖြင့် ၁၉၉၅- ၉၆ ခုနှစ်မှစ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး နယ်ပယ်အသီးသီးတွင်  ငွေကျပ် သိန်း ထောင်ပေါင်းများစွာ ထောက်ပံ့ ကူညီခြင်း၊ လှူဒါန်းခြင်းများ ပြုခဲ့ကြောင်း၊ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး ကိစ္စရပ်များ အတွက် လိုအပ်သလို တစိုက်မတ်မတ် လှူဒါန်း ထောက်ပံ့ ကူညီခဲ့ခြင်းများ အတွက် ထွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်များကို ချီးကျူးပါကြောင်း၊ ဆောင်ရွက်သည့် လုပ်ငန်းများမှာ အနာဂတ် မျိုးဆက်သစ်များ အတွက် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည့် အတွက် တန်ဖိုး ထားပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ထွန်း ဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ၊ ထွန်းဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေး ကော်မတီ နာယက ဦးသိန်းထွန်းက နှုတ်ခွန်းဆက် စကား ပြောကြားပြီး ထွန်း ဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ စည်သူ ဒေါက်တာ သော်ကောင်းက ထွန်းဖောင်ဒေးရှင်း စာပေဆုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ၂၀၁၃ ခုနှစ်က ထွန်းဖောင်ဒေးရှင်း တစ်သက်တာ စာပေဆုရ စာပေပညာရှင် ဆရာမကြီး စည်သူဒေါ်ကြန်အား တစ်သက်တာ စာပေဆုနှင့် ဂုဏ်ပြုလက်မှတ်ကို ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ ထွန်းဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေး ကော်မတီ နာယက၊ ထွန်းဖောင်ဒေးရှင်း စာပေဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)နှင့် ထွန်းဖောင်ဒေးရှင်းဘဏ် ဒါရိုက်တာ အဖွဲ့ဝင်များက ထွန်းဖောင်ဒေးရှင်း ၂၀၁၃ စာအုပ်ဆုနှင့် စာမူဆု ရရှိကြသူများအား ဆုများကို ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ဆုရရှိကြသူများကိုယ်စား လူငယ်စာပေ ဘာသာရပ်တွင် "လူတိုင်း အတွက် စည်းရုံးရေး အတတ်ပညာ" စာအုပ်ဖြင့် ဆုရရှိသည့် ဦးမြင့်ကြွယ် (မောင်မြင့်ကြွယ်)က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ၊ ထွန်းဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေး ကော်မတီ နာယက ဦးသိန်းထွန်းက ထွန်းဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေး ကော်မတီဝင်များ ကိုယ်စား ကော်မတီဝင် ဒေါ်မြမြသန်း (မနှင်းဖွေး) အား ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်နှင့် ထွန်းဖောင်ဒေးရှင်းနှင့် စာပေဆု ရွေးချယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆုရရှိကြသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သည့် စာအုပ်စာပေများသည် ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်များ အနက်မှ ထွန်းဖောင်ဒေးရှင်း စာပေဆုပြိုင်ပွဲဝင် စာအုပ်များကို စာပေပညာရှင် ၁၈ ဦးဖြင့် ဖွဲ့စည်းထားသည့် ဆုရွေးချယ်ရေး အဖွဲ့က စိစစ် ရွေးချယ်ခဲ့သော စာအုပ်များ ဖြစ်သည်။ ယခုနှစ် အတွက် စာအုပ်ဆု ၁၂ ဆုချီးမြှင့်ပြီး စာမူဆု လေးဆု ချီးမြှင့်ခဲ့သည်။ ထွန်းဖောင်ဒေးရှင်း တစ်သက်တာ စာပေဆုရှင်အဖြစ် စာပေပညာရှင် ဆရာမကြီး စည်သူ ဒေါ်ကြန်အား ဂုဏ်ပြု ရွေးချယ် ချီးမြှင့်ခဲ့သည်။
ထွန်းဖောင်ဒေးရှင်းစာပေဆုအဖြစ် ဘာသာရပ် ၁၁ မျိုးအတွက် စာအုပ်ဆုပေါင်း ၈၅ ဆု၊ စာမူဆုပေါင်း ၃၇ ဆုချီးမြှင့်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment