Sunday, January 19, 2014

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစားနည်းများ ယှဉ်ပြိုင်နေမှုများ ကြည့်ရှု အားပေး



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် (၁၁)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်တို့နှင့်အတူ နေပြည်တော်၌ ကျင်းပလျက် ရှိသည့် (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစားနည်းများ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိ မြားပစ် အားကစားကွင်း၌ Recurve  Open အမျိုးသား အသင်းလိုက် ရှုံးထွက်ပွဲစဉ်မှ ဗိုလ်လုပွဲအဖြစ် ထိုင်းအသင်းနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှု အားပေးသည်။ အဆိုပါ ပြိုင်ပွဲတွင် ထိုင်းအသင်းက (၂၀၆)မှတ် (၁၉၉)မှတ်ဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ထို့နောက် ဆုပေးပွဲကို ကျင်းပရာ ဒုတိယသမ္မတက Compound  Open အမျိုးသား အသင်းလိုက် ရှုံးထွက်ပွဲစဉ်၌ ပထမဆုရ မြန်မာအသင်း၊ ဒုတိယဆုရ ထိုင်းအသင်း၊ တတိယဆုရ မလေးရှား အသင်းမှ အားကစား သမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် အထိမ်းအမှတ် လက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။ ထို့ပြင် ဒုတိယသမ္မတက ပထမဆုရ မြန်မာ အသင်းသားများအား တစ်ဦးလျှင် တစ်သိန်းနှုန်းနှင့် (၅)သိန်း ဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ Recurve  Open အမျိုးသား အသင်းလိုက် ရှုံးထွက်ပွဲစဉ်၌ ပထမဆုရ ထိုင်းအသင်း၊ ဒုတိယဆုရ မလေးရှား အသင်း၊ တတိယဆုရ အင်ဒိုနီးရှား အသင်းမှ အားကစား သမားများအား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် အထိမ်းအမှတ် လက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘိလိယက်နှင့် စနူကာ အားကစားရုံ၌ အမျိုးသား လုံးဝ မျက်မမြင် ဆေးအဆင့် (B1) ပြိုင်ပွဲများမှ မြန်မာ အားကစားသမား အောင်လွင်နှင့် အင်ဒိုနီးရှား အားကစားသမားတို့ ယှဉ်ပြိုင်နေမှုအား လည်းကောင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အားကစားသမားတို့ ယှဉ်ပြိုင် နေမှုအား လည်းကောင်း၊ မြန်မာမှ အောင်လွင်ဦးနှင့် မလေးရှား အားကစားသမားတို့ ယှဉ်ပြိုင် ကစားနေမှုများအား ကြည့်ရှု အားပေးသည်။
ယင်းနောက် နေပြည်တော် ဝဏ္ဏသိဒ္ဓိ စားပွဲတင် တင်းနစ် အားကစားရုံ၌ အာဆီယံ မသန်စွမ်း စားပွဲတင်တင်းနစ် ယှဉ်ပြိုင် ကျင်းပနေမှု၏ ပွဲစဉ်များ ဖြစ်သော အမျိုးသမီးအသင်းလိုက် Class (7-9) ပြိုင်ပွဲမှ ဗီယက်နမ်နှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို လည်းကောင်း၊ အမျိုးသား အသင်းလိုက် Class (8) ပြိုင်ပွဲမှ ဗီယက်နမ်နှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို လည်းကောင်း၊ အမျိုးသား အသင်းလိုက် Class (6-7) ပြိုင်ပွဲ၏ ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို လည်းကောင်း ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲအပြီး ပြိုင်ပွဲဝင် ကစားသမားများနှင့် အရှေ့တောင် အာရှ စားပွဲတင် တင်းနစ် ဒုတိယဥက္ကဋ္ဌအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

No comments:

Post a Comment