Sunday, January 5, 2014

မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ဖွင့်လှစ်

နေပြည်တော် ဇန်နဝါရီ ၎
ယခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်၍ အာဆီယံ ထိပ်သီး အစည်းအဝေးများ ကျင်းပနိုင်ရန် အတွက် နေပြည်တော်၌ အသစ် တည်ဆောက် ပြီးစီးသည့် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနကို အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် အာဆီယံ ထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများကို နိုင်ငံတကာအဆင့်မီ အောင်မြင်စွာ လက်ခံ ကျင်းပနိုင်တော့မည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ခုနှစ်တွင် အာဆီယံသို့ ဝင်ရောက်ပြီးချိန်မှ စ၍ ပထမဦးဆုံး အကြိမ်အဖြစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန် ထမ်းဆောင်ခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းအရ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ လွတ်လပ်၊ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီ အာဆီယံရေးရာများတွင် မြန်မာနိုင်ငံက ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အားပေးပြီး ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့ပြင် နိုင်ငံတော်သမ္မတက အဆောက်အအုံသစ် မော်ကွန်းကမ္ပည်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များက အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် အဆောက်အအုံ အတွင်းရှိ ပတ္တမြားခန်းမ၊ နီလာခန်းမ၊ HOS Holding Room၊ Call Room၊ Meeting Room၊ ပုလဲခန်းမနှင့် VIP Holding Room တို့ကို လှည့်လည်ကြည့်ရှုပြီး ကျောက်စိမ်းခန်းမ၌ ဖျော်ဖြေမှု အစီအစဉ်များကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အာဆီယံ အစည်းအဝေးများသို့ တက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ဧည့်သည်များ တည်းခိုနိုင်ရန် တည်ဆောက်ထားသော နိုင်ငံတော် ဧည့်ဂေဟာ အိပ်ဆောင်များအား စစ်ဆေးခဲ့ပြီး အရှည် (၄ ဒသမ ၈၂) မိုင်ရှိရန် အောင်မြင်ဆည်ပတ်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့သည်။
အဆိုပါ နိုင်ငံတော်ဧည့်ဂေဟာတွင် အဆောင်ပေါင်း (၂၀)ပါဝင်ပြီး အခန်းပေါင်း (၁၈၄၈)ခန်း ပါရှိရာ ဧည့်သည်ပေါင်း (၃၀၀၀)ခန့် တည်းခိုနိုင်မည် ဖြစ်သည်။ ထို့ပြင် နေပြည်တော်ရှိ ဟိုတယ် ပေါင်း(၇၇)လုံး တွင်လည်း အခန်းပေါင်း (၄၀၀၀)ခန့် တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အာဆီယံ အသိုက်အဝန်း တည်ဆောက်မှု ရည်မှန်းချက်များ အကောင် အထည်ဖော်ရန် အချိန် နီးကပ်လာပြီ ဖြစ်သည့်အတွက် အာဆီယံ အသိုက်အဝန်း ဆိုင်ရာ လမ်းပြမြေပုံတွင် ဖော်ပြပါရှိသော ဦးစားပေး လုပ်ငန်းစဉ်များ အပြည့်အဝ အကောင်အထည် ဖော်နိုင်ရန်နှင့် အာဆီယံ အသိုက်အဝန်းကို ရည်မှန်းထားသည့် အချိန်တွင် တည်ဆောက်နိုင်ရေး အတွက် မြန်မာနိုင်ငံက အလေးထား ဆောင်ရွက်သွားရမည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အသိုက်အဝန်းကို ပိုမိုခိုင်မာစေမည့် နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကို ဦးတည် ဆောင်ရွက် သွားရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် အာဆီယံကို ပြည်သူ ဗဟိုပြုသည့် အဖွဲ့အစည်း အဖြစ် မြှင့်တင် ဆောင်ရွက် သွားရမည် ဖြစ်သည်။
နိုင်ငံတော်သမ္မတက “ယခုကဲ့သို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခွင့် ရရှိခြင်းသည် နိုင်ငံအတွက် အခွင့်အလမ်း တစ်ရပ် ဖြစ်သည့်အတွက် အစိုးရသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံသူ နိုင်ငံသား အားလုံးက အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းမှုနှင့် လုပ်ငန်း စွမ်းဆောင်ရည်ကို အာဆီယံနိုင်ငံများ အတွင်းသာမက ကမ္ဘာကိုပါ ပြသနိုင်မည့် အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီ ကျင့်သုံးစ နိုင်ငံအနေဖြင့် အသွင် ကူးပြောင်းသည့် သုံးနှစ်တာ ကာလအတွင်း ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးကြီးများကို အောင်မြင်စွာ ကျင်းပနိုင်သည်ကို ကမ္ဘာကို ပြသနိုင်မည် ဖြစ်ကြောင်း" ဖြင့် ၂၀၁၃ခုနှစ် အောက်တိုဘာ (၂၉)ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများ၊ ဝန်ကြီးအဆင့် အစည်းအဝေးများ၊ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးများ အပါအဝင် အစည်းအဝေး (၃၀၀)ခန့်ကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး ယခုအခါ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရာတွင် လိုအပ်သည့် အစည်းအဝေး ကျင်းပရေး၊ တည်းခို နေထိုင်ရေး၊ လုံခြုံရေး၊ ပို့ဆောင်ရေးနှင့် ပြန်ကြားရေးဆိုင်ရာ လုပ်ငန်း အားလုံး ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment