Friday, January 17, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေးတိုင်း ဒေသကြီး အတွင်းရှိ အကြီးစား စက်ရုံများ၊ စက်မှု သင်တန်းကျောင်းနှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၆
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ အကြီးစား စက်ရုံများ၊ စက်မှုသင်တန်း ကျောင်းနှင့် ဧရာဝတီ တံတား(မလွန်)တို့ကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။



ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် မကွေး စက်မှုနယ်မြေရှိ အမှတ် (၁၃) အကြီးစားစက်ရုံ (မကွေး) သို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေး ခန်းမ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က စက်ရုံ တည်ဆောက်ခဲ့မှု၊ စက်ရုံ၏ ထုတ်ကုန် ပစ္စည်းများနှင့် ထုတ်လုပ်နိုင်မှု အရေ အတွက်၊ ဈေးကွက်တင်ပို့ ရောင်းချမှု အခြေအနေနှင့် ထုတ်ကုန်တန်ဖိုး လျှော့ချနိုင်ရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်နှင့် ဦးစိုးသိန်း တို့က ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက ဆွေးနွေး မှာကြားရာတွင် မော်တော်ယာဉ်များ ထုတ်လုပ်ရာ၌ ပြည်ပမှ တင်သွင်းရောင်းချသည့် ဈေးနှုန်းထက် ဈေးနှုန်း သက်သာစေရန် လိုအပ်ကြောင်း၊ သွင်းကုန် များများသွင်းပြီး ထုတ်ကုန်များများ ထုတ်လုပ် ရောင်းချပေးရန်နှင့် ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့ ရောင်းချ နိုင်သည်အထိ ရည်မှန်းချက်ထား လုပ်ဆောင် သွားရန် လိုအပ်ကြောင်း၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် ဖြစ်လာပါက အခြား အာဆီယံ နိုင်ငံများက ထုတ်လုပ်သော ထုတ်ကုန် ပစ္စည်းများထက် အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်း သက်သာအောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိထုတ်ကုန် ပစ္စည်းများကို သုံးစွဲသူများက ကြိုက်နှစ်သက်ပြီး ဝယ်ယူ သုံးစွဲမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော် သမ္မတသည် အကြီးစား ကုန်တင်ယာဉ် ထုတ်လုပ်မှု အလုပ်ရုံအတွင်း လှည့်လည် ကြည့်ရှုသည်။
အဆိုပါ စက်ရုံကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ TA TA Motors Ltd. ၏ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် တည်ဆောက် ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်တွင် ဖွင့်လှစ်ခဲ့သည်။ စက်ရုံတွင် အကြီးစား ကုန်တင်ယာဉ် ထုတ်လုပ်မှု အလုပ်ရုံနှင့် ထရန်စမစ်ရှင်း ဂီယာ အလုပ်ရုံတို့ ပါဝင်ပြီး LPT 2116 Truck ? LPT 2123 Truck ? LPK 2523 Dump Truck ? 29 Seater Bus နှင့် ဂီယာဘောက်စ်များကို ထုတ်လုပ်လျက် ရှိကြောင်း သိရှိရသည်။
နိုင်ငံတော် သမ္မတသည် ထိုမှတစ်ဆင့် စက်မှု သင်တန်း ကျောင်း (မကွေး)သို့ ရောက်ရှိရာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ဝန်ကြီးဌာန အောက်တွင် စက်မှုသင်တန်း ကျောင်းများ ဖွင့်လှစ်ထားမှု အခြေအနေနှင့် စက်မှု သင်တန်းကျောင်း (မကွေး) ဖွင့်လှစ် သင်ကြား နေမှုကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော် သမ္မတက လိုအပ်သည်များ ဖြည့်ဆည်းမှာ ကြားပြီး သင်တန်းကျောင်း အတွင်း သင်တန်းသားများ လက်တွေ့ သင်ကြားလေ့ကျင့်နေမှုကို လှည့်လည် ကြည့်ရှုကာ သင်တန်း သားများ အား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
စက်မှု ဝန်ကြီးဌာန အနေဖြင့် ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့် မြင်းခြံတို့၌ စက်မှု သင်တန်း ကျောင်းများ ဖွင့်လှစ်ထားပြီး ယင်းသင်တန်းကျောင်း (၆) ကျောင်းမှ နှစ်စဉ်သင်တန်းသား (၁၀၀၀) ကျော်ကို မွေးထုတ်ပေးလျက် ရှိသည်။ စက်မှု သင်တန်း ကျောင်း (မကွေး) ကို မကွေးစက်မှုနယ်မြေ၌ ၂၀၁၁ ခုနှစ် ဇူလိုင် (၁၀) ရက်တွင် စတင်ဖွင့်လှစ် ခဲ့သည်။ သင်တန်း ကျောင်းအား ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီ (KOICA) က နည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပြီး မော်တော်ယာဉ် အင်ဂျင် ပြုပြင် ထိန်းသိမ်းခြင်း၊ မော်တော်ယာဉ် လျှပ်စစ်နှင့် အီလက်ထရွန်နစ် ဘာသာရပ်၊ ထရန်စမစ်ရှင်းနှင့် ယာဉ်အောက်ပိုင်း ပြုပြင် ထိန်းသိမ်းခြင်း၊ မော်တော် ယာဉ် ဘော်ဒီ ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်း၊ ကွန်ပျူတာသုံး ဒီဇိုင်း ရေးဆွဲခြင်းနှင့် ထုတ်လုပ်မှု ဘာသာရပ်များကို သင်ကြား ပို့ချပေးလျက်ရှိသည်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းဆင်း များအနေဖြင့် ဝန်ကြီးဌာနများနှင့် ပြင်ပပုဂ္ဂလိက စက်ရုံများတွင် အလုပ် အကိုင်များ ရရှိလျက် ရှိကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတသည် မင်းလှမြို့နယ် မလွန်မြို့ရှိ အမှတ် (၁၇) အကြီးစားစက်ရုံ (မလွန်)သို့ ရောက်ရှိရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က စက်ရုံ တည်ထောင် ခဲ့မှုနှင့် ဇွဲလယ်ထွန်စက်များ အပါအဝင် ယာဉ်နှင့်စက်အမျိုးမျိုး ထုတ်လုပ်နေမှု၊ ဈေးကွက်လိုအပ်ချက် အပေါ်မူတည်၍ ထုတ်လုပ်ရောင်းချ မည့်အခြေ အနေတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးများက ထုတ်လုပ်မှု တိုးတက်ရေး အတွက် ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။
နိုင်ငံတော် သမ္မတက ရှင်းလင်း တင်ပြမှုများ အပေါ် မှာကြားရာတွင် စက်ရုံအနေဖြင့် အရည်အသွေး ကောင်း စက်ပစ္စည်းများကို ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ လမ်းကြိတ် စက်များကို ဆောက်လုပ်ရေး လုပ်ငန်း များတွင် တွင်ကျယ်စွာ သုံးစွဲနိုင်ရေး အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဆန်စက်ငယ်များကို တောင်သူများ တွင်ကျယ်စွာ အသုံးပြု နိုင်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စက်ရုံကို ခေတ်မီတိုးတက်အောင် အဆင့် မြင့်တင်သွားရန်နှင့် သုံးစွဲသူများ ကြိုက်နှစ် သက်အောင် ထုတ်လုပ်သွားရန် မှာကြားပြီး စက်ရုံမှ ထုတ်လုပ်သည့် စက်နှင့်ယာဉ်များ၊ အလုပ်ရုံ များအတွင်း လုပ်ငန်း ဆောင်ရွက် နေမှုများကို လှည့်လည် ကြည့်ရှုသည်။
အဆိုပါစက်ရုံကို ၁၉၆၆ ခုနှစ်တွင် ယခင် ချက်ကိုစလို ဗက်ကီးယားနိုင်ငံ မိုတိုကော့(ဖ်) ကုမ္ပဏီနှင့် ပူးပေါင်း၍ စတင် တည်ထောင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် စတင် ကုန်ထုတ်လုပ် ခဲ့သည်။ စက်ရုံမှ မြင်းကောင်ရေ(၅၀)၊ (၈၀)နှင့် (၉၀)ရှိ ဇွဲလယ် ထွန်စက်များ၊ (၂)တန်နှင့် (၄)တန် လက်တွန်းထွန်စက် နောက်တွဲယာဉ်များ၊ (၁၀) တန်နှင့် (၂၅) တန် သုံးဘီးလမ်း ကြိတ်စက်များ၊ ဆန်စက်ငယ် အမျိုးမျိုး၊ စပါးခြွေလှေ့စက်နှင့် သုံးဘီးမော်တော် ဆိုင်ကယ် များကို ထုတ်လုပ်လျက် ရှိကြောင်း သိရှိရသည်။
နိုင်ငံတော် သမ္မတသည် ညနေပိုင်းတွင် ဧရာဝတီတံတား (မလွန်) ကို ဖြတ်သန်း ကြည့်ရှုသည်။ ထို့နောက် စီမံကိန်း ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ဧရာဝတီတံတား (မလွန်) တည်ဆောက် ဖွင့်လှစ်ခဲ့မှု၊ တံတားနှင့် ဆက်စပ် နေသော လမ်းများ အခြေအနေ၊ ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်ဆဲ တံတားကြီးများ၏ လုပ်ငန်းတိုးတက်မှုနှင့် လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ပေ(၁၈၀) နှင့်အထက် တံတားများ စာရင်းကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က တံတားများ အတွက် သံပေါင်များ ထုတ်လုပ် ပေးနေမှုကို ရှင်းလင်း တင်ပြသည်။
နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် မကွေးမြို့မှ တစ်ဆင့် အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။ ဧရာဝတီတံတား (မလွန်) ကို ၂၀၁၃ ခုနှစ် မေလ (၁၁) ရက်တွင် ဖွင့်လှစ်ခဲ့ပြီး တံတားအရှည်မှာ (၃၂၁၅) ပေ ရှိသည်။ တံတားကြီးတွင် ကားလမ်း နှစ်လမ်းနှင့် ရထားလမ်း တစ်လမ်း ပါဝင်သည်။
ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း တည်ဆောက်လျက် ရှိသော တံတားကြီးများမှာ (၂၃)စင်းရှိပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ပေ (၁၈၀) နှင့်အထက် တံတားပေါင်း (၂၁) စင်းရှိကြောင်း သိရှိရသည်။

No comments:

Post a Comment