Friday, January 17, 2014

အေပီနှင့် ဧရာဝတီသတင်းဌာနတို့က ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမှားများ ထုတ်လွှင့်ဖော်ပြ

နေပြည်တော် ဇန်နဝါရီ ၁၇
ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု သတင်းနှင့် ပတ်သက်၍ သတင်းဆက်အဖြစ် အေပီသတင်းဌာနက " မောင်တောဒေသတွင်
ရိုဟင်ဂျာ မိန်းမနှင့် ကလေးများမှာ ဒါးဖြင့် အခုတ်ခံရကြောင်း၊ သို့သော် အရေအတွက်များစွာ ကွဲလွဲလျက် ရှိကြောင်း၊ အချို့သတင်းရပ်ကွက်များက သေဆုံးသူ ၅ ယောက်မှ ၁၀ ယောက် အတွင်းသာ သတ်မှတ်ကြ သော်လည်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄၀ခန့်ရှိကြောင်း၊ သေဆုံးသူအချို့၏ ဒဏ်ရာများမှာ ဓါးဒဏ်ရာများ သာဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ ရိုက်သတ်ခံရခြင်း မတွေ့ရကြောင်း၊ သို့ဖြစ်ရာ ရခိုင်ဗုဒ္ဓဘာသာတို့၏ လက်ချက် သာဖြစ်နိုင်ပြီး တပ် သို့မဟုတ် ရဲတို့၏ လက်ချက် မဖြစ်နိုင် ကြောင်း" စသည်ဖြင့် သတင်းရရှိ ကြောင်းဖော်ပြထားသည်။

အလားတူ ဧရာဝတီသတင်းဌာနက ဖော်ပြရာတွင် " ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ရခိုင်ရွာသားများက အဆိုပါ ရွာအတွင်း အိမ်များစွာကို လုယက်ခဲ့ကြောင်း၊ ယောင်္ကျားများမှာ ထွက်ပြေးကြသဖြင့် မိန်းမနှင့် ကလေးများအသတ်ခံခဲ့ရကြောင်း၊ အချို့အမျိုးသမီးများ မတရား ပြုကျင့်ခံခဲ့ရကြောင်း၊ သေဆုံးသူ တိတိကျကျ မသိနိုင်သော်လည်း ရရှိသော သတင်းများအရ သေဆုံးသူ ၁၀ ဦးမှ ၆၀ အတွင်းဖြစ်ကြောင်း၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမျိုး မဟုတ်ဘဲ ဒါးဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း" ဖော်ပြခဲ့သည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ မောင်တောဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေ သော ရဲမှူးချုပ် တင်ကိုကိုအား ဆက်သွယ်မေးမြန်းရာ ၎င်းက " ယင်းသတင်းဌာနများ၏ ဖော်ပြချက်သည် လုံးဝ မှန်ကန်မှု မရှိကြောင်း၊ ဤဒေသတစ်ဝိုက်တွင် တည်ငြိမ်မှုရှိနေကြောင်း၊ ယင်းသို့ဖော်ပြချက်များမှာ ဆူပူမှု ဖြစ်ပွားရန် အတွက် သွေးထိုးလှုံဆော် သော သတင်းအမှား များသာဖြစ်ကြောင်း" ပြန်လည်ဖြေကြား ခဲ့သည်။

အေပီသတင်းဌာနနှင့် ဧရာဝတီ သတင်းဌာနတို့၏ ဖော်ပြချက်တွင်ပါရှိသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ကြောင့် သတ်ဖြတ်ခြင်း ခံရသည်ဟု ဆိုလိုရာရောက်သော ရေးသားချက်များမှာ သွေးထိုးလှုံ့ ဆော်မှုပြုသော သတင်း အရေး အသားများ ဖြစ်ကြောင်း တွေ့ရှိရသည်။

No comments:

Post a Comment