Saturday, January 25, 2014

စာပေဗိမာန်၏ ရှေ့ခရီး



စာပေဗိမာန်၏နောက်ခံသမိုင်း
စာပေဗိမာန်သည် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို အခြေခံသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် စတင်ဖွဲ့စည်းသည်။ ၁၉၄၈ခုနှစ်မေလတွင် ရန်ကုန်မြို့ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အအုံ သို့ ပြောင်းရွှေ့ဖွင့် လှစ်သည်။ မြန်မာနိုင်ငံဘာသာပြန်အသင်းအမည်ဖြင့် စတင်ခဲ့သည်။ ထို့နောက် စာပေဗိမာန်ဟု အမည်တွင် သည်။ ယနေ့တိုင်ဖြစ်သည်။

အလင်းဆောင်အံ့
စာပေဗိမာန်အသင်း၏ ဆောင်ပုဒ်မှာ “အမှောင်ခွင်း၍ အလင်းဆောင်အံ့”ဖြစ်သည်။ “စာပေဗိမာန်” ဟူသော အသုံးအနှုန်း၊ အမှောင်ခွင်း၍အလင်းဆောင်အံ့”ဟူသော ဆောင်ပုဒ်တို့သည် ရင်ထဲစွဲနေသော စာပေ၊လေးစား တန်ဖိုးထားအပ်သော၊ မည်သည့်အခါမှ မမေ့ရက်နိုင်သော၊ မြန်မာစာပေဂုဏ်ဒြပ်မြင့်မြတ်လှသော၊ အသုံးအနှုန်းဆောင်ပုဒ်များဖြစ်ပေသည်။ စတင် သုံးစွဲပြုစုခဲ့ကြကုန်သော စာပေပညာရှင်များအား မမေ့မလျော့ ချီးကျူးဂုဏ်ပြုထိုက်လှပေသည်။
လူထုစာစဉ်များ
စာပေဗိမာန် စတင်တည်ထောင်ခါစက လူထုအလင်းစာစဉ်၊ လူထုအိတ်ဆောင်စာစဉ်၊ လူထုတက္ကသိုလ်စာစဉ် စသည့် စာစဉ်များ၊ စာအုပ်များထုတ်ဝေခဲ့သည်။ ကျောင်းနှင့်တက္ကသိုလ်များအတွက် ဘာသာရပ်ဆိုင်ရာများ ကို မြန်မာဘာသာဖြင့် သင်ကြား ရန် ကျောင်းသုံးစာအုပ်များ၊ ဘာသာပြန်ပြုစုရေး လုပ်ငန်းများအတွက် ဆောင်ရွက်ခဲ့ကြသည်။ ဝိဇ္ဇာ၊ သိပ္ပံခွဲခြား ပြုစုရေးသား ထုတ်ဝေခဲ့သည်။
မြန်မာ့စွယ်စုံကျမ်း
၁၉၄၉ ခုနှစ်မှစ၍ မြန်မာ့စွယ်စုံကျမ်းကို ပြုစုထုတ်ဝေခဲ့သည်။ ၁၉၅၁-၅၂ ခုနှစ်တွင် နှစ်ငါးဆယ်စာစဉ်များကို ထုတ်ဝေခဲ့သည်။ ၁၉၅၂ ခုနှစ်တွင်စာပေဗိမာန်မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထို့နောက် ပြည်သူ့လက်စွဲ စာစဉ်အမျိုးမျိုးထုတ်ဝေခဲ့သည်။ လူထုသိပ္ပံကျမ်းများလည်း ဆက်လက်ထုတ်ဝေသည်။
အဖွဲ့များ
စာတည်းလုပ်ငန်းကျယ်ပြန့်လာသည်နှင့်အညီ စီမံကိန်းအဖွဲ့၊ မြန်မာ့စွယ်စုံကျမ်းစီစဉ်ရေးအဖွဲ့၊ လူထုသိပ္ပံကျမ်း စီစဉ်ရေး အဖွဲ့၊ နိုင်ငံသမိုင်းအကြံပေးအဖွဲ့၊ ကျောင်းသုံးစာအုပ်အဖွဲ့၊ မဂ္ဂဇင်းအဖွဲ့စသည့် အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ရည်ညွှန်းစာကြည့်တိုက် တည်ထောင်ခဲ့သည်။ ဝေါဟာရဘာသာပြန်လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
စာပေဗိမာန်ဆု
၁၉၄၉ မှစ၍ "စာပေဗိမာန်ဆု" အမည်ဖြင့် စာပေဆုများ ချီးမြှင့်ခဲ့သည်။ယဉ်ကျေးမှု ဟောပြောပွဲများလည်း ကျင်းပခဲ့သည်။ စာကြည့်တိုက်သင်တန်း၊ စာပုံနှိပ်သင်တန်း၊ သတင်းစာသင်တန်း စသည်များဖွင့်လှစ်ခဲ့သည်။ ၁၉၅၆ခုနှစ်တွင် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို ဖွင့်လှစ်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်တွင် စာပေဗိမာန်စာအုပ်အသင်းကို တည်ထောင်သည်။ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ကို တည်ထောင်အုပ်ချုပ်ခဲ့သည်။
ဥပဒေဖြင့်ရုပ်သိမ်း
၁၉၆၃ ခုနှစ် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ဥပဒေကို ဥပဒေများရုပ်သိမ်းသည့် ဥပဒေဖြင့် ၁၉၉၂ ခုနှစ်တွင် ရုပ်သိမ်းခဲ့သည်။ သို့ဖြစ်၍ စာပေဗိမာန်အဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏ကွပ်ကဲမှုဖြင့် လုပ်ငန်းဆောင်ရွက်ဆဲဖြစ်ပေသည်။ ယခုအခါ ခေတ်စနစ်နှင့်လျော်ညီစွာ စာပေဗိမာန်အား ပြန်လည်ဖွဲ့စည်းဆောင်ရွက်ရန် စီမံသုံးသပ်လျက်ရှိပေပြီ။ ဆောင်ရွက်နေပေပြီ။
လုပ်ငန်းစီမံချက်များ
ပြန်ကြားရေးဝန်ကြီးဌာနသည် လုပ်ငန်းစီမံချက်များချမှတ်၍ စာပေဗိမာန်၏ရှေ့ခရီးကို မျှော်မှန်းသည်။ ယခင် လုပ်ငန်း အတွေ့အကြုံများအား အခြေခံ၍တိုးတက်သည်ထက် တိုးတက်အောင် ပြည်သူ့အကျိုး အဓိကမျှော်ကိုးလျက် စာပေပညာ ရှင်ကြီးများ၊ သုတေသီများ၊ အတွေ့အကြုံကြွယ်ဝသူများ၏ အကြံဉာဏ်များရယူကာ စီမံဆောင်ရွက်လျက်ရှိသည်။
ဥပဒေစည်းမျဉ်းအခြေခံမံမည်
စာပေဗိမာန်ကို ကိုယ်ပိုင်အဖွဲ့အစည်းအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းတည်ဆောက်ကြမည်။ ဘယ်ပုံစံတည် ဆောက်ကြမည်လဲ၊ အခြေခံလိုအပ်ချက်တွေက ဘာလဲ။ ဘယ်လိုရည်ရွယ်ချက်ထားရှိမည်လဲ။ သမိုင်းနောက် ကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်ဘာလဲ။ မူဝါဒဘာလဲ။ ရှောင်ရန်၊ ဆောင်ရန်ဘာလဲ။ ယခင်ဥပဒေ အဟောင်းကမည်သို့၊ ယခုအသစ်ရေးဆွဲမည့် ဥပဒေ၊ စည်းမျဉ်းကဘာ လဲ။ ဘယ်သူတွေနှင့် အုတ်မြစ်ချမည်လဲ။ အတွေ့အကြုံကြွယ်ဝသော သုတေသီကြီးများ၊ပညာရှင်ကြီးများ၊ အငြိမ်းစားများအား အလေးထား၍ အကြံဉာဏ်ရယူမည့်စီမံချက်ကား မည်သို့မည်ပုံစသည်စသည်---။
စာပေဗိမာန်အဖွဲ့ဥပဒေ (မူကြမ်း) ရေးဆွဲရေး
စာပေဗိမာန်အဖွဲ့ကို ဥပဒေပြဋ္ဌာန်း၍ တည်ဆောက်ကြမည်။ ဥပဒေဖြင့်ရပ်တည်ကြမည်။ ဥပဒေဖြင့် အခိုင်အမာရပ်တည်နိုင်မှ အဖွဲ့အစည်း ရေရှည်တည်တံ့မည်။ စာပေဗိမာန်အဖွဲ့ဆိုသည်မှာ ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်သင့်သည်။ ဤမူသဘောကို တာဝန်ရှိပုဂ္ဂိုလ်ကြီးများ၊ စာပေပညာရှင်ကြီးများက တညီတညွတ်တည်း လက်ခံကြသည်။ စာပေဗိမာန်အဖွဲ့ကြီး ကိုယ်ပိုင် ဥပဒေစည်းမျဉ်းနှင့်အညီ ရပ်တည်နိုင်ဖို့ ဥပဒေရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်းလည်း သိရှိရပေသည်။ စာပေဗိမာန်အဖွဲ့ဥပဒေ (မူကြမ်း) ကို ပညာရှင်ကြီးများ၊ အငြိမ်းစားများ၊ တာဝန်ရှိသူများ ညှိနှိုင်းပြီး၊ ညှိနှိုင်းဆဲဖြစ်ကြောင်းပါ ဝမ်းမြောက်ဖွယ်သတင်းကြားသိရပါသည်။
ရည်ရွယ်ချက်များ (စဉ်းစားသင့်သော အချက်များ)
စာပေဗိမာန်အဖွဲ့ကြီးကို မည်သည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်သင့်ပါသလဲ။ အကြမ်းအားဖြင့် ဤသို့ စဉ်းစားကြည့်မိသည်။
(၁) နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိစေမည့် စာပေ၊ ဘာသာရပ်များကို အထူးသဖြင့် အင်္ဂလိပ်ဘာသာ မှ မြန်မာဘာသာသို့ (တိုင်းရင်းသားဘာသာအပါအဝင်) ပြန်ဆိုသင့်သည်။
(၂) မြန်မာ့ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်နှင့် မြန်မာ တို့၏ ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံတကာက သိရှိနားလည်ဖို့ လိုအပ်သည်။ ကမ္ဘာအနှံ့ပြန့်စေချင်သည်။ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသင့်သည်။ တိုင်းရင်းသားဘာသာမှလည်း(လိုအပ်က) အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသင့်သည်။ ကမ္ဘာ့စာအုပ်ဈေးကွက်သို့ မထိုးဖောက်သင့်ဘူးလား။ စဉ်းစားကြစေလိုသည်။
(၃) ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတိုးမြှင့် ဆောင်ရွက်နေချိန်တွင် စာပေဗိမာန်က ဘယ်ထောင့်၊ ဘယ်နေရာက ပါဝင်အားဖြည့် မည်လဲ။ လူထုအသိဉာဏ်ပညာ တိုးတက်ထွန်းကားဖို့ အထောက်အကူ မပြုသင့်ဘူးလား။ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် အတူ ဘယ်လိုဦးတည်ချက်တွေနှင့် ပါဝင်ကူညီမည်လဲ။ စဉ်းစားသင့်သည်။
(၄) ဘာသာပြန်လုပ်ငန်းသည် အရေးကြီးသည်ထက် ကြီးလာကြောင်း လက်တွေ့ဘ၀များက ထောက်ပြနေပေပြီ။ ဘာသာပြန်အလုပ်၊ ပြိုင်ပွဲ၊ သင်တန်း၊စာတမ်းဖတ်ဖွဲ့၊ အလုပ်ရုံဆွေးနွေးပွဲများ မလုပ်သင့်ဘူးလား။  ပြည်တွင်း ပြည်ပဆက် သွယ်လုပ်စရာတွေ များလှပေသည်။ ဤကားရည်ရွယ်ချက် တစ်ချက်ဖြစ်ပေသည်။
(၅) ပုံနှိပ်လုပ်ငန်း၊ အသင်းပိုင် ခေတ်မီပုံနှိပ်စက်များအသုံးပြု၍ ဝင်ငွေရရှိနိုင်သောလုပ်ငန်းကို စာပေဗိမာန်က ဦးဆောင်လုပ်ရန် စဉ်းစားသင့်သေးသည်။
(၆) အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ စေတနာရှင်ပြည်သူတို့နှင့် ပူးပေါင်း၍စာပေဗိမာန်အဖွဲ့လုပ်ငန်းများ မည်သို့ ပူးပေါင်း ဆောင်ရွက်ကြမည်လဲ။ဘယ်လို စီမံချက်တွေ ရေးကြမည်လဲ။ အကောင်အထည်ဖော် ကြမည်လဲ။ စဉ်းစားပေးကြပါ။
(၇) ဘဏ္ဍာရေး၊ ရန်ပုံငွေ၊ ငွေကြေးကိစ္စမည်သို့လည်ပတ်မည်လဲ။ ဥပဒေပြဋ္ဌာန်း၍ ဥပဒေနှင့်အညီ ငွေကြေးရပ် တည်၊ သုံးစွဲရေးဆွေးနွေးသင့်သည်။
(၈) လက်ရှိစာပေဗိမာန်ဝန်ထမ်းများအား စာပေဗိမာန်အသင်းကြီးတရားဝင်ဖွဲ့စည်းပြီးသည့် အချိန်တွင် ဌာနကူးပြောင်းရန် ရှိ၊ မရှိ။ ဝန်ထမ်းများ၏အရေး မည်သို့အလေးပေးစဉ်းစားမည်လဲ။
(၉) အခြားထားရှိ ရေးဆွဲသင့်သော အခြေခံရည်ရွယ်ချက်များ ကျန်ဦးမည်။မကျန်၊ မချန်စေရေး အလေးဂရုပြု အကြံပြုကြစေလိုပါ၏။
အုပ်ချုပ်ရေးအဖွဲ့
အုပ်ချုပ်ရေးအဖွဲ့ မည်သို့ဖွဲ့မည်လဲ။ ယခင်နမူနာဥပဒေ ပြန်လည်ဖတ်ရှုသုံးသပ်သင့်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်များ၊ မည်သို့သတ်မှတ်သင့်သည်။ အရည်အချင်းများ မည်သို့ထားမည် စသည်ဖြင့်။ လုပ်ပိုင်ခွင့်ကား မည်သို့၊ နာယကအဖွဲ့၊ အတိုင်ပင်ခံအဖွဲ့စသည်များရော ထားရှိဖို့ လို/မလို။ဝန်ထမ်းများကို မည်သို့ခန့်မည်လဲ၊ ရုံးအဖွဲ့ကော လိုအပ်ပါသေးသလား။
နိုင်ငံတကာအတွေ့အကြုံများ
စာပေဗိမာန်အဖွဲ့အတွက် ပြည်တွင်းအတွေ့အကြုံ ကွယ်ဝသူများထံမှ အကြံဉာဏ်ရယူသင့် သလို ပြည်ပအတွေ့ အကြုံ၊ နိုင်ငံတကာအတွေ့အကြုံ ကြွယ်ဝသူများထံမှလည်း ရယူသင့်ပါသည်။ လေ့လာဆည်းပူး အပ်ပါသည်။ စာတွေ့၊ လက်တွေ့ မမေ့အပ်စွာ အဖြေရှာသင့်ပါသည်။
စာတည်းမှူးချုပ်နှင့် ရုံးဝန်ထမ်းများ
စာပေဗိမာန်အဖွဲ့တွင် စာတည်းမှူးချုပ်နှင့် ရုံးဝန်ထမ်းများ ခန့်ထားရေးအတွက် ထောင့်စုံမှ စဉ်းစား၍ ဥပဒေစည်း မျဉ်းရေးဆွဲသင့်ပါသည်။ ဝန်ထမ်းသက်သာချောင်ချိရေး အလေးပေးသင့်ပါသည်။ ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လွှဲပြောင်းတာဝန်ထမ်းဆောင်ခွင့်၊ ဆက်လက် တာဝန်ထမ်းဆောင် လိုသူများအတွက် အဖွဲ့အောက်တွင် ဆက်လက်ထားရှိရေး စဉ်းစားပေးသင့်ပါသည်။ လစာနှုန်းထားများ၊ ကရုဏာကြေး၊ လုပ်သက်ဆု စသည်များ၊ ဝန်ထမ်းထု၏ ဆန္ဒ၊ ရွေးချယ်မှုများအတွက် တာဝန်ရှိအကြီးအကဲမှ ဆန္ဒသဘောထားရယူခြင်း၊ ဒူးတိုက်ဆွေးနွေးခြင်း များ ဆောင်ရွက်သင့် ပါသည်။နောင်တွင် ဝန်ထမ်းများအတွက် အိုနာစာရန်ပုံငွေ တည်ထောင်ရန် သင့်၊ မသင့်။ဘတ်ဂျက်ရန်ပုံငွေများ မည်သို့ခွဲဝေသင့်ကြောင်း အစီအစဉ်၊ SEM GOVERNMENT ORGANIZATION  ပုံစံစသည်စသည် ကြိုတင်စီမံစဉ်းစားသင့်သည်များ ရှိပေမည်။
နေရာ၊ အဆောက်အအုံ
အသင်းနေရာ၊ အဆောက်အအုံ၊ ပုံနှိပ်စက်၊ ဆောင်ပုဒ်အသေးစိတ်လုပ်ငန်းစီမံချက်များကို ဤဆောင်းပါးတွင် ရေးသားရန် မရည်ရွယ်ပါ။ ရေတို၊ ရေရှည်လုပ်ငန်းစဉ်များကို တာဝန်ရှိပုဂ္ဂိုလ်ကြီးများက ကြိုတင်ညှိနှိုင်း စဉ်းစားထားကြပြီးဖြစ်ပါသည်။ အစည်းအဝေးများ၊ ဆွေးနွေးပွဲများလည်း စဉ်ဆက်မပြတ် ကျင်းပပြီး ကျင်းပဆဲဖြစ်ပါသည်။ အကြံကောင်းများ ကိုလည်း တောင်းခံလျက်ရှိပါသည်။
နိဂုံးအကြံပြုချက်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်သည့်မူဝါဒဖြင့် ပြောင်းလဲလာမည့်စာပေဗိမာန်အဖွဲ့ကြီးသည်
(၁) ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ရေးဆွဲရပ်တည်ရေး
(၂) “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆိုသည့်စာအတိုင်း စာပေအလင်းရောင်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်ရေး
(၃) ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ထည်ဝါရေး
(၄) ဘာသာပြန်စာပေဖြင့် အကျိုးပြုရေးစသည့် အခြေခံပြောင်းလဲမှုများကို ဖြောင့်ဖြူးသော ရှေ့ခရီးအဖြစ် ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း အကြံပြုတင်ပြအပ်ပါသည်။ စာရှုသူပြည်သူအပေါင်း၏ အကြံပြုချက်များကိုလည်း မျှော်လင့်ကြိုဆိုပါသည်။ ။

No comments:

Post a Comment