နေပြည်တော် ဇန်နဝါရီ ၎
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၄ ရက်၌ ကျရောက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံတော် အကြီးအကဲများက
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ၀မ်းမြောက်ကြောင်း
သ၀ဏ်လွှာများ အသီးသီး ပေးပို့ကြသည်။
အမေရိကန်ပြည်ထောင်စု
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အမေရိကန်
ပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်အိုဘားမားမှ ပေးပို့သော သဝဏ်လွှာ၌ ဇန်နဝါရီ ၄ ရက်တွင်
ကျရောက်သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ အတွက် အမေရိကန် ပြည်သူများ ကိုယ်စား
ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ အရေးပါသော အချိန်အခါ သမယတွင် မိမိတို့သည် မြန်မာနိုင်ငံ၏
အနာဂတ် ဒီမိုကရေစီ ခရီးသစ်ကို မြန်မာ ပြည်သူများနှင့်အတူ လျှောက်လှမ်း သွားမည် ဖြစ်ပါကြောင်း၊
လွန်ခဲ့သည့် တစ်နှစ်ကျော်က သာယာ လှပသည့် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် မိမိ ရောက်ရှိခဲ့ရသော်လည်း
ဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်ခဲ့မှုများနှင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာ
အသိုင်းအဝိုင်းကို ကတိပြုထားသည့် အတိုင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အင်တိုက်
အားတိုက် ဆက်လက် ဖော်ဆောင် နေသည်ကို ကြားသိရသည့် အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါကြောင်း၊
လွတ်လပ်၍ တက်ကြွသော အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် အဆွေတော် သမ္မတကြီး ကတိပြုထားသည်ကို
အမေရိကန် ပြည်သူများ ကိုယ်စား မိမိက ဂုဏ်ပြု ထောက်ခံပါကြောင်းနှင့် အဆွေတော် အာဆီယံ
ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့် ယခုနှစ်ကို အမေရိကန် ပြည်သူများက လှိုက်လှိုက်လှဲလှဲ ထောက်ခံ
အားပေးနေကြောင်း အမေရိကန် ပြည်သူများ ကိုယ်စား စကား လက်ဆောင် ပါးလိုက်ပါကြောင်း ဖော်ပြထားသည်။
အိန္ဒိယသမ္မတနိုင်ငံ
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ အတွက် အိန္ဒိယ ပြည်သူများနှင့် အစိုးရကိုယ်စား
ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ဘာသာရေး၊ ဘာသာစကားနှင့်
လူမျိုးစုတို့မှာ အခြေခံအားဖြင့် ရင်းနှီး ချစ်ကြည်စွာ ကူးလူး ဆက်ဆံလျက် ရှိသည့် နိုင်ငံများ
ဖြစ်ပါကြောင်း၊ အဆိုပါ ရင်းနှီး ချစ်ကြည်မှုများ အပေါ် အခြေခံလျက် မိမိတို့ အစိုးရအနေဖြင့်
ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ
အကျိုးကို ရှေးရှု၍ အဆွေတော် သမ္မတကြီးနှင့်အတူ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း၊
အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ပ်မူခါဂျီး ထံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိန္ဒိယသမ္မနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းထံမှ
ပေးပို့သော သဝဏ်လွှာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော် သမ္မတကြီးနှင့်
မြန်မာပြည်သူများ ဝမ်းမြောက် ပျော်ရွှင်စွာ ရှိပါစေကြောင်း၊ အိန္ဒိယ အစိုးရနှင့် အိန္ဒိယပြည်သူများ
ကိုယ်စား ဆုမွန်ကောင်း တောင်းပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်း
ဆက်စပ်လျက်ရှိပြီး ကာလကြာရှည် လက်တွဲ ပူးပေါင်းလာခဲ့သည့် မိတ်ဖက်နိုင်ငံများ ဖြစ်ပါကြောင်း၊
လွန်ခဲ့သည့် နှစ်နှစ်အတွင်း မိမိတို့နှစ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြင့်
တိုးတက်လာခဲ့ပြီး အနာဂတ်တွင် အဆွေတော် သမ္မကြီးနှင့် အတူ လုံခြုံရေး တိုးမြှင့်ရန်၊
စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုများ အပါအဝင် ဆက်ဆံရေး တိုးတက် ခိုင်မာစေရန် ပူးပေါင်း
ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ
ဥက္ကဋ္ဌ တာဝန်ယူပြီး ခရီးသစ်ကို လျှောက်လှမ်းရမည် ဖြစ်ပြီး အဆွေတော် သမ္မတကြီး အနေဖြင့်
အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင် နိုင်ပါစေဟု ဆန္ဒပြုပါကြောင်း ဖော်ပြထားသည်။
ဩစတြီးယားနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဩစတြီးယားနိုင်ငံ သမ္မတ မစ္စတာ ဟိန့်ဇ်ဖစ်ရှာထံမှ
ပေးပို့သော သ၀ဏ်လွှာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ အတွက် မိမိအနေဖြင့် ဂုဏ်ယူ
ဝမ်းမြောက် ပါကြောင်းနှင့် မြန်မာ ပြည်သူများအတွက် အနာဂတ်တွင် သာယာ ပျော်ရွှင်ဖွယ် ဖြစ်ပါစေဟု
ဆန္ဒပြုပါကြောင်း ဖော်ပြထားသည်။
ရိုမေးနီးယားနိုင်ငံ
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယအတွက် ရိုမေးနီးယား ပြည်သူများနှင့် မိမိက
ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် ဖွံ့ဖြိုး တိုးတက်ပါစေဟု ဆုတောင်း မေတ္တာ ပို့သပါကြောင်း၊
ရိုမေးနီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ ရင်းနှီး ချစ်ကြည်စွာ ဆက်ဆံပြီး အပြန်အလှန်
ဖွံ့ဖြိုး တိုးတက်မှု ကဏ္ဍများနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကျေးဇူးကို ဖော်ဆောင်
နိုင်မည်ဟု မျှော်လင့်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့သော ရိုမေးနီးယားနိုင်ငံ
သမ္မတ မစ္စတာ ထရာယန် ဘာဆက်စ်ကူ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဟယ်လင်းနစ်သမ္မတနိုင်ငံ
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော် သမ္မတကြီး အတွက် ဂုဏ်ယူ ဝမ်းမြောက်
ပါကြောင်းနှင့် ချစ်ခင် နှစ်သက်ဖွယ် ကောင်းသော မြန်မာပြည်သူများ အတွက် ကောင်းကျိုး
ချမ်းသာ သုခပြည့်ဝပါစေဟု ဆုတောင်း မေတ္တာ ပို့သပါကြောင်း ဟယ်လင်းနစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်
မစ္စတာ အန်တိုးနစ်စီဆာမာရက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့သော သဝဏ်လွှာတွင်
ဖော်ပြထားသည်။
No comments:
Post a Comment