Friday, January 24, 2014

မြန်မာပြည်သူ့ဖိုရမ်မှ အကြံပြုချက်များအပေါ် ဖော်ဆောင်နိုင်ရေး ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် လူမှုရေး အဖွဲ့အစည်းများကပါ ဝိုင်းဝန်းတာဝန်ယူဆောင်ရွက်ရန်လို


နေပြည်တော် ဇန်နဝါရီ ၂၃
မြန်မာပြည်သူ့ ဖိုရမ်မှတင်ပြသည့် အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယ သမ္မတက အမှာစကား ပြောကြားရာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ကျင်းပခဲ့သော မြန်မာပြည်သူ့ဖိုရမ်ကို တစ်နိုင်ငံလုံးရှိ အရပ်ဘက် လူ့အဖွဲ့အစည်း ၁၆၅ ဖွဲ့၏ ကိုယ်စားလှယ်ပေါင်း ၆၅၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ၎င်းဖိုရမ်တွင် လူ့အခွင့်အရေးနှင့် တရားမျှတမှု၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ခေါင်းစဉ်များနှင့် အစုအဖွဲ့ ၁၈ ဖွဲ့ ဖွဲ့ကာခဲ့ကြကြောင်း၊ ယင်းဖိုရမ်မှ နိုင်ငံတော် အစိုးရထံ အချက် (၅၅)ချက် ပေးပို့ အကြံပြုခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်ကို နိုင်ငံတော်အစိုးရ ကိုယ်စား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တက်ရောက်ခဲ့ပြီး အကြံပြုချက်များကို တင်ပြလာပါကြောင်း။
အဆိုပါ (၅၅) ချက်နှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်သည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံပြီး အကောင်အထည်ဖော် ဆောင်ရွက် နိုင်အောင် အသိပေးရန် ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲ ကိစ္စများ၊ ဆောင်ရွက်ရန် ကျန်ကိစ္စများ၊ ဆောင်ရွက်ရန် မဖြစ်နိုင်သေးသည့် ကိစ္စများကို ဝန်ကြီးဌာနအလိုက် ရွေးထုတ်ရန် လမ်းညွှန် မှာကြား ခဲ့ပါကြောင်း။
ဖိုရမ်မှ တင်ပြခဲ့သည့်အချက် (၅၅) ချက်တွင် အုပ်စုအလိုက် ခွဲလိုက် ပါက ၁။ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် သက်ဆိုင်သည့် အချက်(၁၇) ချက်၊ ၂။ ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် အချက် (၁၃)ချက်၊ ၃။ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အချက်(၁၃)ချက်၊ ၄။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် အချက်(၁၂)ချက်တို့ ပါဝင်ပါကြောင်း။
အုပ်စု(၁)မှ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် သက်ဆိုင်သည့် အချက် (၁၇)ချက်ထဲတွင် အခြေခံ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးများ၊ ကလေးသူငယ် အခွင့်အရေးများ၊ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) နှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူစာချုပ် (CEDAW) တို့၏ နောက်ဆက်တွဲ စာချုပ်များ (protocols) အပါအဝင် အခြား လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ကိစ္စရပ်များ၊ ဆိုင်ရာ သဘောတူ စာချုပ်ကိစ္စရပ်များ၊ ကုလသမဂ္ဂ မူဘောင်စည်းမျဉ်း များကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်များတွင် လိုက်နာရန် စည်းကမ်းများ အဖြစ် ထည့်သွင်းချုပ်ဆိုပေးရန်ကိစ္စများ၊ စီးပွားရေး စီမံကိန်းများတွင် (EIA)၊ (SIA) နှင့် (HIA) ပြုလုပ်သည့်အခါ Guideline များအတိုင်း ဆောင်ရွက်ရန်၊ စီးပွားရေး စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် မြေယာပြဿနာ၊ လျော်ကြေးဆိုင်ရာပြဿနာ၊ တောင်သူလယ်သမားရေးရာ ပြဿနာများ ထည့်သွင်း ဖြေရှင်းပေးနိုင်ရန်၊ အထူးစီးပွားရေးဇုန် စီမံကိန်းများတွင် ပြည်သူလူထု၏ အခက်အခဲပြဿနာများကို တိုက်ရိုက်တိုင်ကြား နိုင်သည့် ဌာနဖွဲ့စည်းရန်ကိစ္စရပ်များနှင့် အခြားဥပဒေပိုင်း ဆိုင်ရာကိစ္စရပ်များကိုပါ ထည့်သွင်း ဆောင်ရွက်ပေးရန် စသည်တို့ပါဝင်ပါကြောင်း။
အုပ်စု(၂)ဖြစ်သည့် ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းပြီး အကြံပြုသည့်အချက် (၁၃)ချက်ထဲတွင် ငွေချေးယူသူ ပြည်သူများ၏ အဓိကပြဿနာဖြစ်သည့် လောင်းကစားမှု ပပျောက်ရေး၊ အလုပ်အကိုင် အခွင့်အရေးရရှိရေး၊ ဈေးကွက် ဖန်တီးပေးရေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသား အခြေပြု စာသင်ကျောင်းများအား ပြန်လည်အားကောင်းလာစေရန် လုပ်ဆောင်ပေးရန်နှင့် အသစ်ထူထောင်ပေးရန်၊ တိုင်းရင်းသား ကလေးသူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသော ဗမာစကား အခက်အခဲကို ဖြေလျှော့ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပေးရန်၊ ကျန်းမာရေးမှာလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ယခုထက် ပိုမိုပူးပေါင်း ဆောင်ရွက်ရန်၊ ပြည်သူ့ဆေးရုံများ၏ အရည်အသွေး စံချိန်စံညွှန်း များကို မြှင့်တင်ပေးရန်နှင့် အသေးစားငွေစုငွေချေးများ စသည်တို့ ပါဝင်ပါကြောင်း။
အုပ်စု(၃)ထဲက ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် အချက်(၁၃)ချက် ထဲတွင် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် သင့်မြတ်စေလိုသည့် စိတ်ဓာတ်၊ ခွင့်လွှတ်စိတ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်လာစေရန်၊ Monitoring and Reporting Mechanismထားရှိရန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ် ဖော်ဆောင်ရန် စသည်တို့ ပါဝင် ပါကြောင်း။
အုပ်စု(၄)ထဲက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး (၁၂)ချက်ထဲတွင် ပညာရေး၊ လူမှုရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များ၊ ကျေးလက်နေလူငယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်လူငယ်များအတွက် ထည့်သွင်း စဉ်းစားရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီစနစ်ထွန်းကားပြန့်ပွားရေး အတွက် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ပညာပြန့်ပွားရေး အသင်းများ ပိုမိုထူထောင်ပေးရေး၊ ယာဉ်ကြောပိတ်ဆို့ သည့် ပြဿနာများ၊ မှောင်ခိုကုန်သွယ်မှုနှင့် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်း ပေးရေး၊ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့် ဥပဒေပြဋ္ဌာန်းရေး၊ မသန်စွမ်းသူများ၏ အခန်းကဏ္ဍများ ဖော်ထုတ်ပေးရေး စသည်တို့ ဆောင်ရွက်ပေးနိုင်စေရန် အကြံပေးထားပါကြောင်း။
မြန်မာပြည်သူ့ဖိုရမ်မှ အကြံပြုတင်ပြချက်များအပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်အောင် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများကပါ ဝိုင်းဝန်းဆောင်ရွက်ပေးရန် တာဝန်ရှိ သကဲ့သို့ လူမှုရေးအဖွဲ့အစည်း (CSO) များကလည်း ဝိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းကို အကြံဉာဏ်ပေးထားတာလည်း ပါရှိပါကြောင်း။
ထို့ကြောင့် မြန်မာပြည်သူ့ ဖိုရမ်တင်ပြချက် (၅၅) ချက်ကို အုပ်စု ခေါင်းစဉ်များဖြင့် ထပ်မံခွဲခြားရာတွင် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် သက်ဆိုင်သည့် အချက် (၁၇)ချက်၊ ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့်အချက် (၁၃)ချက်၊ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အချက်(၁၃)ချက်၊ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် အချက် (၁၂)ချက်တို့ကို ခေါင်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပြည်ထောင်စု ဝန်ကြီးဌာနများကို ရွေးထုတ်ကာ မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကျေအလည် ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း။
မြန်မာပြည်သူ့ ဖိုရမ်မှတင်ပြလာသော အချက်(၅၅)ချက်ကို ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက Focal အဖြစ် တာဝန်ယူပြီး ဖော်ထုတ်ဆောင်ရွက်တင်ပြသွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မြန်မာပြည်သူ့ဖိုရမ် တက်ရောက်ခဲ့သည့် အခြေအနေများစပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာပြည်သူ့ဖိုရမ်မှတင်ပြသည့် အကြံပြုချက်များအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment