Tuesday, January 21, 2014

မသန်စွမ်း အားကစား မောင်မယ်များ၏ စွမ်းဆောင်မှု စိတ်ခွန်အားကို တိုးစေသည့် အတွေ့အကြုံသစ် ရရှိ

နေပြည်တော် ဇန်နဝါရီ ၂၀
ယနေ့သည် မြန်မာနိုင်ငံက (၇)ကြိမ်မြောက် အာဆီယံ ပါရာဂိမ်း ပြိုင်ပွဲကြီးကို အိမ်ရှင်နိုင်ငံ အဖြစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၀ ရက် အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တစ်နေ့ ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ အလိုက် နိုင်ငံ့ဂုဏ်ဆောင် ဆုများ ရယူနိုင်ခဲ့သည့် အတွက် များစွာ ဂုဏ်ယူဖွယ်ကောင်းသည့် နေ့တစ်နေ့ လည်း ဖြစ်သည်။


ယခု အာဆီယံ ပါရာဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း (၁၂)နည်း ထည့်သွင်း ကျင်းပခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံက ရွှေတံဆိပ် ၉၉ ခု၊ ငွေတံဆိပ် ၆၉ ခုနှင့် ကြေးတံဆိပ် ၄၉ခု ရရှိကာ ပထမ ရရှိခဲ့သည်။ အလားတူ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၉၆ ခု၊ ငွေတံဆိပ် ၈၂ ခုနှင့် ကြေး တံဆိပ် ၇၀ ဖြင့် ဒုတိယ ရရှိခဲ့ပြီး မလေးရှားနိုင်ငံက ရွှေတံဆိပ် ၅၀၊ ငွေတံဆိပ် ၄၉ ခုနှင့် ကြေးတံဆိပ် ၄၀ ဖြင့် တတိယ ရရှိကာ ဗီယက်နမ် နိုင်ငံက ရွှေ တံဆိပ် ၄၈ ခု၊ ငွေတံဆိပ် ၆၅ ခုနှင့် ကြေးတံဆိပ် ၇၂ခု ဖြင့် စတုတ္ထ ရရှိခဲ့သည်။
မြန်မာနိုင်ငံကမူ ရွှေတံဆိပ် ၃၄ ခု၊ ငွေတံဆိပ် ၂၆ ခုနှင့် ကြေးတံဆိပ် ၃၆ ခုရရှိကာ နိုင်ငံအလိုက် ပဉ္စမ ရရှိခဲ့သည်။ (၇)ကြိမ် မြောက် အာဆီယံ ပါရာဂိမ်း ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း၌ ယနေ့ ညနေပိုင်းက အစီအစဉ် ၁၃ ခုဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။ ပိတ်ပွဲ မကျင်းပမီ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ကြရာ အိန်ဂျယ် ခိုင်ဇာလွင်နှင့် အဖွဲ့က "Go For Goal" တေးသီချင်း၊ တေးသံရှင် စိုးမိုးထက်က "မင်္ဂလာပါ" တေးသီချင်း၊ သံစဉ်ပန်းတေး ဂီတအဖွဲ့က "ကမ္ဘာကျော်အောင် ကြိုးစားကာ ကစား" တေးသီချင်း၊ မင်းသားလတ် အက၊ အာဆီယံ ပါရာဂိမ်း၊ စည်းလုံးချင်း အတွက် သီချင်းတစ်ပုဒ် အစီအစဉ်များဖြင့် ဖျော်ဖြေကြသည်။ အခမ်းအနားသို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင် အေးမြင့်၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြိုင်ပွဲကျင်းပ ရေးဦးစီး ကော်မတီဝင်များ၊ အာဆီယံ နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အာဆီယံ ဒေသတွင်း ပြိုင်ပွဲဝင် နိုင်ငံများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဧည့်ပရိသတ်များ၊ မီဒီယာများ၊ ဆက်ဆံရေး အရာရှိများနှင့် လုပ်အားပေး လူငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် ဘင်ခရာ တပ်ဖွဲ့နှင့် အလံကိုင် တပ်ဖွဲ့တို့ ဦးဆောင်၍ နိုင်ငံအလိုက် အားကစား သမားများက ကွင်းအတွင်းသို့ ချီတက် နေရာယူကြသည်။ ထိုအချိန်တွင် အစီအစဉ် တင်ဆက်သူ မောင်မယ်တို့က ပါဝင်ယှဉ် ပြိုင်သည့် အားကစားသမား အရေအတွက်၊ ချီးမြှင့်သည့် ရွှေ၊ ငွေ၊ ကြေးတံဆိပ် အရေအတွက်များကို အားကစား နည်း ၁၂ မျိုး အတွက် ကြေညာပေးသည်။
ထို့နောက် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပွဲတော် ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အထိမ်းအမှတ် အခါသမယတွင် ပြိုင်ပွဲကြီး၏ အဓိက ဇာတ်ကောင်များ ဖြစ်သည့် မသန်စွမ်း အားကစား မောင်မယ်အားလုံး၏ ပျော်ရွှင်တက်ကြွစွာ ပါဝင် ယှဉ်ပြိုင်ခဲ့မှုများကို လှိုက်လှဲစွာ ချီးကျူး ဂုဏ်ပြုပါသည်ဟု ဦးစွာ ပြောကြားလိုပါကြောင်း။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရရှိခဲ့သည့် ဤပြိုင်ပွဲကြီး ဖြစ်မြောက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ကြိုးပမ်းခဲ့ကြသော အာရှမသန်စွမ်း အားကစားအဖွဲ့ချုပ်နှင့် နိုင်ငံအသီးသီးမှ မသန်စွမ်း အားကစား အဖွဲ့ချုပ်များကို လည်းကောင်း၊ အဘက်ဘက်မှ ဝိုင်းဝန်း ကူညီပေးခဲ့ကြသူများ အားလုံးကို လည်းကောင်း ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း။ ပြိုင်ပွဲကြီး၏ အလိုအပ်ဆုံး အင်အားစုများ ဖြစ်သော စေတနာ့ဝန်ထမ်း လုပ်အားပေး မောင်မယ်များ၏ အပြုံးမပျက် တက်ကြွရွှင်လန်းစွာ ကူညီပံ့ပိုး ပေးခဲ့မှုများကို လည်းအမြဲထာဝရ သတိတရ ရှိနေမည် ဖြစ်ပါကြောင်း။
အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကြီးသည် "ချစ်ကြည်ခြင်း၊ တန်းတူညီမျှခြင်း၊ ညီညွတ်ခြင်း" အနှစ်သာရကို အပြည့်အဝ ပုံဖော်ပေးခဲ့သော ကြီးကျယ် ခမ်းနားသည့် ပွဲကြီးဖြစ်ပါကြောင်း၊ အာဆီယံ နိုင်ငံများမှ အားကစားသမား ၁၅၀၀ ကျော် ပါဝင်ဆင်နွှဲ ခဲ့ကြပြီး၎င်းတို့၏ မိမိကိုယ်ကို လေးစားမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ မိမိကိုယ်ကို တိုးတက်စေမှု၊ မိမိကိုယ်ကို အားကိုးမှုစသော ဘ၀အပေါ် ထားရှိသည့် အပြုသဘောဆောင် စိတ်ထားများကို အကောင်းဆုံးနှင့် အထင်ရှားဆုံး ပြသနိုင်ခဲ့ကြ ပါကြောင်း။ ၎င်းတို့၏ အားကစား ထူးချွန်မှုကို ထုတ်ဖော်ပြသပြီး "မသန်သော်လည်း စွမ်းကြသည်" ဆိုသော လူသားအားမာန် တေးတစ်ပုဒ်ကို သံပြိုင် သီကြွေးနိုင်ခဲ့ကြခြင်းလည်း ဖြစ်ပါကြောင်း။
မသန်စွမ်း အားကစားမောင်မယ် တစ်ဦးချင်းစီက ၎င်းတို့၏ ခံနိုင်ရည်၊ ဇွဲ၊ စိတ်ဓာတ်များနှင့် လူ့ဘ၀၏ တန်ဖိုးနှင့် အရေးပါမှုကို တစ်မူထူးခြားစွာ အဓိပ္ပာယ် ပေးနိုင်ခဲ့ပါကြောင်း။ ပြိုင်ပွဲကာလအတွင်း မသန်စွမ်း အားကစား မောင်မယ်များ၏ စွမ်းဆောင် မှုများကို ကြည့်ခဲ့ရသော မိမိတို့အတွက် အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းပြီး စိတ်ဓာတ် ခွန်အား တက်စေသော အတွေ့ အကြုံသစ်များကို ရရှိခဲ့ကြပါကြောင်း။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အင်မတန် အံ့ဩဖွယ် ကောင်းသည့် နေ့ရက်များကို မိမိတို့အတူတကွ ဖြတ်သန်း ခဲ့ကြခြင်းပင် ဖြစ်ပါကြောင်း။
မဖြစ်နိုင်ဘူးဟု တွေးထင်ထားသော စွမ်းဆောင်မှု မျိုးများကိုမသန်စွမ်း အားကစား မောင်မယ်များက မယုံကြည်နိုင်လောက် အောင် ထူးခြားစွာ စွမ်းဆောင် ပြခဲ့သော နေ့ရက်များပင် ဖြစ်ကြောင်း။ ဘ၀ပေးအခြေအနေ အမျိုးမျိုးကြောင့် အားနည်းချို့တဲ့ ချက်များ ရှိနေလင့်ကစား ပင်ကိုစွမ်းရည်နှင့် သန္နိဋ္ဌာန်ခိုင်မာမှုတို့သာ ရှိခဲ့လျှင် လူသားများ မစွမ်းဆောင် နိုင်သော အရာမရှိဘူး ဆိုသည့် သတင်းစကား ပါးပေးနိုင်ခဲ့သော နေ့ရက်များလည်း ဖြစ်ခဲ့ပါကြောင်း။
အားပေးသူ ပရိသတ်များနှင့် မသန်စွမ်း အားကစားမောင်မယ် များအကြား အတူတကွ ရင်ခုန် ခဲ့ကြသော နေ့ရက်များဟုလည်း ဆိုနိုင်ပါကြောင်း။
မိမိတို့ အတူတကွ ရင်းနှီး ပျော်ရွှင်စွာ ပြိုင်ပွဲကြီးကို ဆင်နွှဲနေစဉ် မှာပင် အချိန်များလျင်မြန်စွာ ကုန်ဆုံး သွားခဲ့ပြီ ဖြစ်ပါကြောင်း၊ မကြာခင် (၇) ကြိမ်မြောက် အာဆီယံမသန် စွမ်းအားကစား ပြိုင်ပွဲကြီး ပြီးမြောက်တော့မည် ဖြစ်ပါကြောင်း၊
သို့သော် မသန်စွမ်းအားကစား ပြိုင်ပွဲများကတော့ အစဉ်ထာဝရ ဆက်လက်ရှင်သန်နေမည် ဖြစ်ပါကြောင်း၊ မသန်စွမ်း အားကစား မောင်မယ်များ၏ အားကစား ထူးချွန်မှု စွမ်းရည်ဖြင့် ကမ္ဘာကြီးကို စိတ်ဓာတ်ခွန် အားနှင့် စိတ်လှုပ်ရှားမှုများ နောက် ထပ် တစ်ကြိမ်ပေးနိုင်ရန်အတွက် စင်ကာပူ အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကြီးတွင် ပြန်လည် ဆုံတွေ့ကြပါစို့ဟု ဆန္ဒပြုရင်း "ယခုအချိန်မှစ၍ (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကြီး အောင်မြင်စွာ ပိတ်သိမ်း လိုက်ကြောင်း ကြေညာလိုက်သည်" ဟု ကြေညာရာ မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကာ တစ်ပြိုင်နက် တည်းတွင် ပင်မမီးရှူးတိုင်ရှိမီးကို ဖြည်းညင်းစွာ မီးငြှိမ်းဆောင်ရွက်သည်။ အာဆီယံ ပါရာဂိမ်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ် သည့်အတွက် အာဆီယံပါရာစပို့ ဖက်ဒရေးရှင်း အလံနှင့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ မြန်မာအလံတို့ကို အလံတိုင်ထိပ်မှ ဦးစွာ လျှောချပြီး ၂၀၁၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူသမ္မတ နိုင်ငံတော်အလံကို လွှင့်တင်ဆောင် ရွက်သည်။ ယင်းနောက် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်းက အာဆီယံ ပါရာစပို့ ဖက်ဒရေးရှင်းအလံကို ၂၀၁၅ ခုနှစ်တွင် (၈) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံ ကိုယ်စားလှယ်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ဘင်ခရာ တပ်ဖွဲ့နှင့် အလံကိုင်တပ်ဖွဲ့များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး နိုင်ငံအလိုက် အားကစားသမားများအား သတ်မှတ် နေရာများသို့ ရွှေ့ပြောင်းပေးကာ ၂၀၁၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံက ဖျော်ဖြေရေး အစီ အစဉ်ဖြင့် တင်ဆက်သည်။
ယင်းနောက် ပြန်ဆုံမယ် အစီ အစဉ်ကို တင်ဆက်သူဦးရေ ၂၀၀၀ ကျော်ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။ ဆက်လက်၍ ကချင်တိုင်းရင်း သားရိုးရာ အက၊ တေးသံရှင် မေ့ချစ်သက်၊ မေသက်ထားဆွေနှင့် မင်းခန့် ဘုန်းတို့က "မသန်သော်လည်း စွမ်းကြသူများ"  တေးသီချင်း၊ တေးသံရှင် အယ်လ်နီရှိုင်းနှင့် အက်စ်တာဒွေး တို့က "ပထမခြေလှမ်း" တေးသီချင်း၊ ရုပ်ရှင် သရုပ်ဆောင် ပုလဲဝင်း၊ ညိုရှင်းမောင်၊ ရှိုင်းဇေနှင့်အဖွဲ့က "ဟိုလိုလို ဒီလိုလ"  တေးသီချင်း၊ တေးသံရှင် ကာကာက "ချစ်သူနားမှာ" တေးသီချင်း၊ ရုပ်ရှင်သရုပ်ဆောင် မိုးယံဇွန်က "ကိုယ်ရံတော် တပ်မှူးလေး" တေးသီချင်း၊ တေးသံရှင် ခေမီကိုက "မေတ္တာစက်ဝိုင်း" တေးသီချင်း၊ တေးသံရှင် ထူးအယ်လ် လင်းက "နင်ပြန်လာခဲ့" တေးသီချင်း နှင့် တေးသံရှင် မေခလာက "ဒုံးယိမ်းည" တေးသီချင်းများကို တင်ဆက်ခဲ့ကြသည်။

No comments:

Post a Comment