Thursday, January 30, 2014

ဒုချီးရားတန်း ကျေးရွာ၌ မီးလောင်ခဲ့မှု တမင်ဖန်တီး လုပ်ဆောင် ခဲ့ခြင်းသာ ဖြစ်သည်ဟု မြေပြင်ဖော်ထုတ် တွေ့ရှိချက်များ အရ သိရှိရ



နေပြည်တော် ဇန်နဝါရီ ၃၀
မောင်တောမြို့နယ် ဒုချီးရားတန်း အနောက် ကျေးရွာ၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုနှင့် ပတ်သက်၍ ကနဦးရရှိသည့် သတင်းအား ဇန်နဝါရီ ၂၉ ရက် တွင် ရုပ်မြင်သံကြား သတင်းများတွင် ထုတ်လွှင့်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။





ယနေ့တွင် အဆိုပါ သတင်း ဆက်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနမှ ရရှိသော သတင်းများ အရ ၎င်းရွာမှ ဘင်္ဂလီ များကသာ တမင် ဖန်တီး လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဖော်ထုတ် ရရှိကြောင်း သိရှိရသည်။
ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် မီးစတင် လောင်ကျွမ်းရာ ရွာ၏ မြောက်ဘက်ရှိ နေအိမ် ၁ လုံး၊ ရွာအလယ် ပိုင်းမှ နေအိမ် ၁ လုံး၊ ရွာ တောင်ဘက်ရှိ နေအိမ် ၁ လုံးတို့ တစ်ပြိုင်တည်း လောင်ကျွမ်း သဖြင့် ရဲတပ်ရင်းများ ကွပ်ကဲရေး အဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ဦးစီးအဖွဲ့ သည် မီးလောင် ကျွမ်းသည့် နေရာသို့ ည ၈ နာရီ ၄၇ မိနစ်တွင် လည်းကောင်၊ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွေသန်းနှင့် အဖွဲ့သည် ည ၈ နာရီ မိနစ် ၅၀ တွင် လည်းကောင်း ရောက်ရှိပြီး မီးဝိုင်း ငြိမ်းသတ်ခဲ့ကြ သည်။
မီးစတင် လောင်ကျွမ်းသည့် အဘူဖွေယော့ (အသက် ၅၀) (ဘ) ကာဆိမ်း၏ ဘက္ကယ်မိုး၊ ဝါးထရံကာ၊ မြေစိုက်အိမ်နှင့် ထိုမှ တစ်ဆင့် အိမ်နီးချင်း အဏ္ဏဝါ (အသက် ၄၀) ၏ နေအိမ်သို့ ကူးစက် လောင်ကျွမ်း နေသည်ကို တွေ့ရှိရသဖြင့် ဝိုင်းဝန်း မီးငြိမ်း သတ်နေစဉ် တောင်ဘက် ကိုက် ၁၅၀ ခန့်အကွာ အဏ္ဏဝါ ဆလာမ် (အသက် ၅၀) (ဘ) ဆီရာဇူ ၏ သက္ကယ်မိုး၊ ဝါးထရံကာ၊ မြေစိုက်နေ အိမ်ကိုပါ မီးလောင်ကျွမ်း နေသည်ကို မြင်တွေ့ ရကြောင်း၊ သို့ဖြစ်၍ လူစုခွဲပြီး မီးသွားရောက်ငြိမ်းသတ်စဉ် မသင်္ကာဘွယ် ဘင်္ဂလီ လူမျိုး ၃ /၄ ဦးခန့် ထွက်ပြေးသွားသည်ကို မြင်တွေ့ ခဲ့ရကြောင်း သိရသည်။
နေအိမ်များ ထူထပ်ခြင်း၊ သက္ကယ်မိုး၊ ဝါးထရံကာ နေအိမ်များ သာ ဖြစ်ခြင်းကြောင့် အဏ္ဏ ဝါ ဆလာမ်နေ အိမ် အပါအဝင် ဘေးပတ်ဝန်းကျင် ရှိ နေအိမ် ၄ လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ ကြောင်း၊ ည ၉ နာရီခွဲခန့်တွင် ခရိုင်ဥပဒေအရာရှိ ဦးမြင့်သန်း၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မီးသတ်ကား ၁စီးတို့ ရောက်ရှိပြီး ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြ သဖြင့် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် နံနက် ၀၀ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အစီရင်ခံစာအရသိရှိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး၊ ထရံကာ အိမ်ကြီး ၄ လုံး၊ အိမ်သေး ၁၂ လုံး စုစုပေါင်း နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု မရှိခဲ့ကြောင်း၊ မီးရှို့မှုဖြစ်စဉ်အား ဒုချီးရားတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူ က တရား လိုပြုလုပ် ကာ လူနေအိမ် ၁၆ လုံးအား မီးရှို့သွားခဲ့သူ ဘင်္ဂလီလူမျိုးများအား ဥပဒေအရ စုံစမ်း ဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားသဖြင့် ဇန်နဝါရီ ၂၉ ရက် တွင် မောင်တော ရဲစခန်း၌ အမှုဖွင့် အရေးယူထားသည်။
ဇန်နဝါရီ ၂၉ ရက် နံနက် ၁၁ နာရီတွင် ဒုချီးရားတန်း အနောက် ကျေးရွာ မီးလောင်ပြင်သို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း (ခ) ဂျာဟင်းဂီးရ်နှင့် တာဝန်ရှိသူများ၊ ခရိုင်မြေစာရင်း ဦးစီးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် တစ်အိမ်ချင်းလိုက်လံ ကြည့်ရှု စစ်ဆေးရာ မီးလောင် ကျွမ်းသည့် နေအိမ် များအား မျက်မြင် အနေအထားအရ အဒူဘော်ရှော၏ အိမ်အမှတ် ၅၆ အိမ်ခေါင်မိုးပေါ် တွင် ကောက်ရိုးထုံး များပစ် တင်ထားသည်ကို တွေ့ရှိရခြင်း၊ မာမက်ဟာရှိန်း၏ အိမ်အမှတ် ၅၄ နေအိမ်အတွင်း ထင်းများ စုပုံထားသည်ကို တွေ့ရခြင်း တို့ကြောင့် ရှို့မီးဖြစ်သည်ဟု ယူဆရသဖြင့် ပြစ်မှုကျူးလွန် သူများကို စုံစမ်းဖော်ထုတ်၍ အမှုဖွင့် အရေးယူ ဆောင်ရွက် သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် အဖွဲ့ သည် ကျေးရွာအတွင်း နေထိုင် ကြသော ရွာသူ ရွာသားများအား မိမိတို့နေအိမ် အတွင်းပုံမှန် နေထိုင် ကြရန်နှင့် စိုးရိမ်မှု မရှိကြရန် လိုက်လံ ပြောကြားခဲ့ရာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှ ညနေ ၅ နာရီခွဲအထိ ဒုချီးရားတန်း အနောက်ရွာမှ အမျိုးသမီး ၂၀၊ အမျိုးသား ၂၂ ဦး စုစုပေါင်း ၄၂ ဦး ပြန်လည် ရောက်ရှိ နေပြီ ဖြစ်သည်။
မီးရှို့မှုဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ရပ်တွင် တွေ့မြင်ရသော အနေအထား များအရ လည်းကောင်း၊ တစ်ချိန်တည်းတွင် အင်တာနက်နှင့် နိုင်ငံတကာ မီဒီယာအချို့၌ ဒုချီးရား တန်းရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတုတ်များဖြင့် မီးရှို့လျက် ရှိသည်ဟု မမှန်သတင်းများ အချိန်ကိုက် လွှင့်တင်ခြင်း များကြောင့် လည်းကောင်း ယခုဖြစ်စဉ်မှာ ရည်ရွယ်ချက် ရှိရှိဖြင့် တမင်ဖန်တီး လုပ်ဆောင် ခဲ့ခြင်းဖြစ် သည်ဟု သုံးသပ်ဖော် ထုတ်ရရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

No comments:

Post a Comment