Thursday, December 12, 2013

Set Top Box များ မြန်ဆန်စွာ ချပေးလျက်ရှိ



ရန်ကုန် ဒီဇင်ဘာ ၁၁
နိုင်ငံတော်မှ လူမှုအသိုက်အဝန်းနှင့် လူမှုအဆင့် (e) အိမ်ထောင်စုများသို့ Set Top Box များအား တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှု အစီအစဉ်ဖြင့် ဖြန့်ဝေချထားလျက်ရှိရာ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ဒီဇင်ဘာ ၁၁ ရက် ဆီးဂိမ်းပွဲတော်ဖွဲ့ပွဲ ကျင်းပသည့်နေ့တွင် မြို့နယ်သို့ တင်ပြထားသည့် အိမ်ထောင်စုအလိုက် မြန်ဆန်စွာ ချပေးခဲ့ကြောင်း သိရသည်။

“ရပ်ကွက် / ကျေးရွာများမှာရှိတဲ့ ဝင်ငွေတစ်သိန်းခွဲအောက် အိမ်ထောင်စု ၄၈၃ စုနဲ့ အများနှင့်ဆိုင်တဲ့ အဖွဲ့အစည်း ဌာနအတွက် Set Top Box ၁၄ လုံးကို ဒီနေ့ ချပေးခဲ့ပါတယ်”ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ အုပ်ချုပ်ရေးမှူးက ပြောကြားပြီး “ရပ်ကွက်၊ ကျေးရွာက ပြည်သူတွေ အခုလို နိုင်ငံတော်က အခမဲ့ ဖြန့်ဝေပေးတဲ့ Set Top Box တွေရလို့ ဝမ်းသာနေကြတယ်။ (၄၄) နှစ်ကြာမှ ကြည့်ခွင့်ဆုံခွင့်ရတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို ပြည်သူတွေ တိုက်ရိုက် ကိုယ့်အိမ်ကနေ ကြည့်ရှုခွင့် ရလာတဲ့အတွက် ပျော်ရွှင် နေကြပါတယ်။ ကျောင်းပိတ်ရက်မှာ ကျောင်းသား လူငယ်တွေပါ ကြည့်ရှုနိုင်အောင် ရပ်ကွက် စာကြည့်တိုက်မှူးကို Set Top Box တစ်လုံး ဒီနေ့ ပေးအပ်ခဲ့ပါတယ်။ အခြေခံ လူတန်းစားတွေ အခမဲ့ ရုပ်သံလိုင်း ကြည့်ရှုခွင့်ရတာဟာ အသိပညာ၊ ဗဟုသုတ တိုးပွားလာတဲ့အတွက် ဆင်းရဲမှုနှုန်းလျှော့ချရေးကို သိသာစွာ အထောက် အကူပြုမယ်လို့ ယုံကြည်ပါတယ်”ဟု အမှတ် (၁၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ယနေ့ ဖြန့်ဝေပေးသည့် Set Top Box များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံရှိသော ဒေသတွင် MRTV၊ MITV၊ လွှတ်တော်ရုပ်သံလိုင်း၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ တောင်သူလယ်သမား ရုပ်သံလိုင်း စသည့် ရုပ်သံလိုင်း ငါးလိုင်းအပြင် MRTV-4 နှင့် မြဝတီရုပ်သံ ထပ်ဆင့်လွှင့်စက်ရှိသော ဒေသများတွင်လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ရုပ်သံလိုင်း ငါးလိုင်းအပြင် နောက်ထပ်ရုပ်သံလိုင်း ၁၀ လိုင်းကျော်ကိုပါ အခမဲ့ဖမ်းယူ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment