Thursday, December 12, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနား တက်ရောက်



နေပြည်တော် ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံက သုံးကြိမ်မြောက် ကျင်းပခွင့် ရရှိသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်းတွင် ယနေ့ညနေပိုင်းက စည်းကား သိုက်မြိုက်စွာ ဆင်နွှဲ ကျင်းပခဲ့သည်။

ဤအရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို အရှေ့တောင်အာရှ နိုင်ငံများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် နိုင်ငံ တစ်နိုင်ငံချင်းစီ၏ ယဉ်ကျေးမှုကို အခြားနိုင်ငံများက သိရှိစေရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။
တစ်နည်းဆိုရလျှင် အရှေ့တောင်အာရှ နိုင်ငံများ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူဝါဒကို ဖော်ဆောင်ခြင်း ဖြစ်သကဲ့သို့ အားကစားပြိုင်ပွဲများ ဖြစ်သည်နှင့်အညီ အရှေ့တောင်အာရှ နိုင်ငံများ၏ အားကစားစိတ်ဓာတ်၊ အားကစား အရည်အသွေးနှင့် ဂုဏ်သိက္ခာများကို ဖော်ထုတ် ပြသသည့် ပွဲလည်း ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားကို အစီအစဉ် (၁၄)ခုဖြင့် ပြုလုပ်ခဲ့ပြီး ၎င်းအစီအစဉ်များ မတိုင်မီ တေးသံ သာများဖြင့် သီဆို ဖျော်ဖြေကြသည်။ ရှေးဦးစွာ အစီအစဉ် တင်ဆက်သူ မောင်မယ်တို့က လွန်ခဲ့သော (၄၄)နှစ်ကြာကာလ ဖြစ်သည့် ၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံက နောက်ဆုံးအကြိမ် အိမ်ရှင်အဖြစ် ကျင်းပခဲ့ပုံ၊ ယခုအကြိမ်တွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း၊ ရွှေတံဆိပ်များ အကြောင်း၊ ဆီးဂိမ်း ဆောင်ပုဒ် ဖြစ်သည့် Green, Clean & Friendship တို့၏အဓိပ္ပာယ်၊ မှန်ကန်သော အားကစား စိတ်ဓာတ်၊ တရားမျှတမှုနှင့် ကျွမ်းကျင်မှုတို့ဖြင့် ယှဉ်ပြိုင်ခြင်းသည် ရွှေတံဆိပ်ဆု ရရှိခြင်း၏ အကြောင်းတရားများ ဖြစ်ပုံ၊ ရွှေတံဆိပ်ဆုသည် သက်ဆိုင်ရာနိုင်ငံ၏ သမိုင်း မှတ်တိုင်နှင့် ဂုဏ်ဒြပ်ပင် ဖြစ်ကြောင်း စသည်တို့ကို တင်ပြကြသည်။
ဖျော်ဖြေရေး အစီအစဉ်တွင် မြန်မာပြည် သိန်းတန် အပါအဝင် တေးသံရှင် (၉)ဦးက "စိမ်းလန်း သန့်စင် တို့ချစ်ခင်"၊ တေးသံရှင် ဖြူဖြူကျော်သိန်းက "မိုးယံလွင့်ပျံ လက်ခုပ်သံ"၊ တေးသံရှင် ဇော်ဝင်းထွဋ်က "ပန်းတိုင်သို့"၊ တေးသံရှင် နေနေက "ပြည်ထောင်စုကြီး တို့ရဲ့မြန်မာ"၊ တေးသံရှင် ထူးအယ်လင်းနှင့် ဆုန်သင်းပါရ်တို့က "ရောင်စုံဥယျာဉ်"၊ တေးသံရှင် ဖြိုးကြီးနှင့် ယုဇနတို့က "နေ့သစ်များရဲ့ မြန်မာပြည်"၊ တေးသံရှင် မေခလာက "ဂိုးသွင်း ကောင်းတဲ့ ကိုကို"နှင့် တေးသံရှင် စောခူဆဲက "အချိန်နှင့်အမျှ" တေးသီချင်းများကို ဖျော်ဖြေရေး စင်မြင့်၌ သီဆို ဖျော်ဖြေ တင်ဆက်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီး၊ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျူမာလီ ဆိုင်ညဆွန်နှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဒုတိယ ဝန်ကြီးချုပ်များ၊ ဘရူနိုင်းနိုင်ငံ အိမ်ရှေ့မင်းသား၊  တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အာရှအိုလံပစ် ကော်မတီ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ၊ ဧည့်ပရိသတ်များ၊ အားကစားသမားများ စုစုပေါင်း( ၃၀၀၀၀) ခန့် တက်ရောက် အားပေးကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ရောက်ရှိပြီး ဧည့်ခန်းမ၌ နိုင်ငံတော်သမ္မတက လာအိုနိုင်ငံ သမ္မတ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဒုတိယ၀န်ကြီးချုပ်များ၊ ဘရူနိုင်း အိမ်ရှေ့မင်းသား၊ အခမ်းအနားသို့ တက်ရောက်လာသော အာဆီယံနိုင်ငံများမှ ၀န်ကြီးများ၊ အာရှ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌတို့အား အမှတ်တရ လက်ဆောင် ပစ္စည်းများကို ပေးအပ်သည်။
ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာတွင် ကွင်းအတွင်း စင်မြင့်ထက်မှ  LED Board ၌ အမှတ် စဉ်ရေတွက် စတင်ပြီး အမှတ်စဉ် သုည အရောက်တွင် မီးရှူးမီးပန်းများ ဂုဏ်ပြု ပစ်ဖောက်ကြသည်။
အမှတ်စဉ်ရေတွက်မှုမပြုမီ အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော ကျောင်းသား (၁၄၉၉)ဦးတို့က ဓာတ်မီးများ အသုံးပြု၍ ကွင်းအတွင်း ပြေးဝင်ကာ အဝိုင်း (၂၇)ဝိုင်း ပုံဖော်ခြင်း၊ ရေပွက်ပုံ မီးကစားခြင်း၊ LED Board ၌ တစ်ဆယ်မှ တစ်အထိ ဂဏန်း ရေတွက်မှုအတိုင်း မီးအဖွင့် အပိတ်ဖြင့် ပုံစံ ပြောင်းခြင်းတို့ကို သရုပ်ပြကာ ကွင်းအပြင်မှ မီးရှူးမီးပန်း ပစ်လွှတ်သည်နှင့် တစ်ချိန် တည်းတွင် မီးရှူးမီးပန်း (၂၉၉၈)ခုကို ပစ်ဖောက် ပြီးနောက် ကြယ်ပုံစံနှင့် MYANMAR စာတန်း ပုံစံကို ပုံဖော်ပြသသည်။
အလားတူ မြန်မာတို့၏ ထီးသုံးနန်းသုံး တော်ဝင် တူရိယာများ ဖြစ်ကြသည့် စောင်း၊ ဆိုင်း၊ ပတ္တလားတို့၏ သာယာ နာပျော်ဖွယ် တီးခတ်မှု၊ မြန်မာသံစဉ် တေးသွား အလှတို့ဖြင့် စောင်းတော် သိင်္ဂါဆိုင်း မင်္ဂလာ အစီအစဉ်ကို ဆိုင်းဝိုင်း (၅)ဝိုင်း၊ ပတ္တလား (၇)လက်နှင့် စောင်း(၄၆) လက်တို့ဖြင့် ရေခင်းသံ၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊ အာရှ-မြန်မာ အားကစား သီချင်းများကို တူရိယာ အမျိုးအစားအလိုက် တစ်လှည့်စီ တီးခတ်ကြပြီး အောင်ပါစေ တေးသွားကို စုပေါင်းလက်စွမ်းပြ တီးခတ် ထင်ဟတ်ခဲ့သည်။
ထို့နောက် နိုင်ငံတော် ဘင်ခရာတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံ၊ SEA Games ဖက်ဒရေးရှင်း အလံနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာအလံများနှင့်တူ အလံကိုင်တပ်ဖွဲ့၊ ဘင်ခရာအဖွဲ့များဦးဆောင်၍ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေ၊ ဗီယက် နမ်နှင့်မြန်မာနိုင်ငံတို့မှ အားကစား သမားများက အစဉ်လိုက် ချီတက်ကာ ကွင်းအတွင်း နေရာယူ ကြသည်။
ယခု အားကစားပြိုင်ပွဲသို့ ဘရူနိုင်းနိုင်ငံက အားကစားသမား (၁၀၁)ဦး၊ ကမ္ဘောဒီးယား နိုင်ငံက(၂၄၀) ဦး၊  အင်ဒိုနီးရှား နိုင်ငံက (၈၄၀)၊ လာအိုနိုင်ငံက (၂၀၀)ဦး၊ မလေးရှားနိုင်ငံက (၇၉၈)ဦး၊ ဖိလစ်ပိုင် နိုင်ငံက (၃၂၅ )ဦး၊ စင်ကာပူ နိုင်ငံက (၄၇၆)ဦး၊ ထိုင်းနိုင်ငံက (၁၀၂၉)ဦး၊ တီမောလက်စ်တေ နိုင်ငံက (၆၂)ဦး၊ ဗီယက်နမ်နိုင်ငံက (၇၄၄)ဦး၊ မြန်မာနိုင်ငံက (၁၂၄၈)ဦး ပါဝင်ကြသည်။
အားကစား သမားများ ကွင်းအတွင်း နေရာယူ အပြီးတွင် ကွင်းအတွင်းရှိ အလံတိုင်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို ဦးစွာ လွှင့်တင်ပြီးနောက် SEA Games ဖက်ဒရေးရှင်း အလံနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာအလံတို့ကို တစ်ပြိုင်နက်တည်း လွှင့်တင်လိုက်သည်။
ဆက်လက်၍ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲကျင်းပရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
ထိုသို့ ရှင်းလင်း ပြောကြားရာတွင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်က စတင်ကျင်းပခဲ့ပြီး အားကစား ပြိုင်ပွဲကျင်းပခြင်း သက်သက် မဟုတ်ဘဲ ဒေသတွင်းနိုင်ငံများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိလာစေရန် ကျင်းပခဲ့ခြင်းဖြစ်သည်ကို အားလုံး အသိပင် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲ ကျင်းပခွင့်ရရှိရေး အတွက် ယုံကြည် ထောက်ခံ အားပေးခဲ့ကြသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများကို အထူးပင် ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ]]Green, Clean & Friendship}} ဆောင်ပုဒ် ချမှတ်ပြီး ဤပြိုင်ပွဲကြီးကို လက်ခံ ကျင်းပမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် အားကစားနည်း (၃၃)နည်း ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ဆုပေါင်း (၄၆၀) ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် နေရာ ဖြန့်ခွဲ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ဆီးဂိမ်း စည်းမျဉ်းနှင့် အညီ တရားမျှတစွာ ကျင်းပနိုင်ရေး အတွက် စီမံ ဆောင်ရွက် ထားပါကြောင်း၊ အားကစားသမားများ အနေဖြင့်လည်း အားကစား စိတ်ဓာတ် အပြည့်ဖြင့် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင် ကစားကြရန် လိုအပ်ပါကြောင်းဖြင့် ထည့်သွင်း တင်ပြခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲ လက်ခံ ကျင်းပနိုင်ရန် အတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အနေဖြင့် လိုအပ်သည့် အားကစားကွင်း၊ အားကစားရုံများကို တည်ဆောက် မွမ်းမံခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြု အားကစား ပစ္စည်းများ ဝယ်ယူ တပ်ဆင်ခြင်း၊ အားကစား သမားများ စိတ်ချမ်းမြေ့စွာ တည်းခို စားသောက် နိုင်ရေးနှင့် သက်သောင့် သက်သာဖြင့် ပြိုင်ပွဲသို့ အချိန်မီ ရောက်ရှိအောင် ပို့ဆောင်နိုင်ရေး၊ ပြည့်စုံသည့် ကျန်းမာရေး စောင့်ရှောက်မှု၊ လုံခြုံရေး/ ဆက်သွယ်ရေး ဆိုင်ရာနှင့် အခြားပြင် ဆင်မှုလုပ်ငန်းများကို အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် ထားကြောင်း သိရသည်။
ို့နောက် နိုင်ငံတော်သမ္မတ ကိုယ်စား (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲနှင့် ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီးနောက်ပိုင်း ယခု (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို (၄၄)နှစ်အကြာတွင် တတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိသည့်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ ကိုယ်စား ပြောကြားလိုပါကြောင်း။
ယနေ့ ကမ္ဘာတွင် အားကစားသည် ထိရောက် ကောင်းမွန်သော သံတမန် လမ်းကြောင်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားမှုကို ပီပြင်စွာ ဖော်ထုတ် ပြသနိုင်သည့် နည်းလမ်းကောင်း တစ်ရပ်ဆိုသည်ကို အားလုံး အသိပင် ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အနေဖြင့် "ဒေသတွင်း ချစ်ကြည်ရင်းနှီးမှု၊ ကျန်းမာ ကြံ့ခိုင် သန်စွမ်းမှု၊ အားကစားကို ချစ်မြတ်နိုးမှု၊ အားကစား စိတ်ဓာတ်ရှိမှု" တို့ကို ဒေသတွင်း နိုင်ငံများကြားမှာ အစဉ်အမြဲ ကိန်းအောင်း နေစေရန် ရည်ရွယ်ပြီး အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို ကျင်းပခဲ့ကြပါကြောင်း။
မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံနိုင်ငံများ အကြား အားကစားဖြင့် ချစ်ကြည်ရေးကို တိုးမြှင့် ခိုင်မာစေရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် စိမ်းလန်း သန့်ရှင်း ချစ်ကြည်ခြင်း "Green, Clean & Frindship" ဟူသည့် ဆောင်ပုဒ်ကို ချမှတ်ပြီး ပြိုင်ပွဲကြီးကို လက်ခံ ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။
ပြိုင်ပွဲကြီးကို အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ရန် အတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ကျင်းပရေး ကော်မတီများ၊ တာဝန်ရှိသူများက အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုးပမ်း ပြင်ဆင်ထားကြသကဲ့သို့ ဆက်ဆံရေး လုပ်အားပေး လူငယ်များကလည်း ကြွရောက်လာသော ဧည့်သည်တော်များ၊ အားကစား သမားများကို မြန်မာတို့၏ ယဉ်ကျေး ပျူငှာမှု၊ ရင်းနှီး ဖော်ရွေမှုများကို ပြသပြီး လိုအပ်သည်များ အနီးကပ် ကူညီပေးသွားကြမည် ဖြစ်ပါကြောင်း။
ပြိုင်ပွဲကို လာရောက်ကြသည့် ဧည့်သည်တော်များ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများအပြင် အေးချမ်းသာယာပြီး စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုများကို မျက်ဝါး ထင်ထင် မြင်တွေ့ခွင့် ရရှိကြမည် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက် အားပေးကြသည့် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊ ပြိုင်ပွဲကို တရားမျှတစွာ ကျင်းပပေးကြမည့် Technical Director များနှင့် ဒိုင်/ ဂျူရီများ၊ အားကစား စိတ်ဓာတ် အပြည့်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်နေကြသော တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ ပြိုင်ပွဲသတင်းများကို အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်လွှင့်ပေးကြမည့် မီဒီယာများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း "(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ယခုအချိန်မှစ၍ ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်" ဟူ၍ ကြေညာရာ မီးရှူး မီးပန်းများဖြင့် ပစ်ဖောက် ဂုဏ်ပြု ဆောင်ရွက်သည်။
အားကစား အဓိဋ္ဌာန်ပြုရာတွင် ဝူရှူး အားကစားသမား မစန္ဒီဦးက အားကစားသမားများ ကိုယ်စားနှင့် ဒိုင်လူကြီး ဦးပြည်စိုးမိုးက ဒိုင်လူကြီးများနှင့် ပြိုင်ပွဲ ကြီးကြပ်သူများ ကိုယ်စား အာဆီယံ နိုင်ငံအလံများ ခြံရံလျက် သတ်မှတ်စင်မြင့်၌ အားကစား သစ္စာ အဓိဋ္ဌာန်ပြုခဲ့ကြသည်။
ယင်းနောက် နိုင်ငံတကာ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၆)ခု ရရှိခဲ့သည့် ဦးသန့်ဇင်က မီးထွန်းညှိတိုင်ကို ကွင်းအတွင်း သယ်ဆောင်လာပြီး နိုင်ငံတကာ ပြေးခုန်ပစ်အား ကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု (၁၅)ခု ရရှိခဲ့သည့် ဒေါ်ဂျနီဖာတင်လေး၊ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု (၁၇)ခု ရရှိခဲ့သည့် ဦးတင်အောင် (ဂိုး)၊ နိုင်ငံတကာ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု (၁၉)ခုရရှိခဲ့သည့် ဒေါ်သန်းသန်း၊ နိုင်ငံတကာ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု (၂၈)ခုရရှိခဲ့သည့် ဒေါ်ခင်ခင်ထွေး၊ နိုင်ငံတကာ ကျွမ်းဘား အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု (၆)ခုရရှိခဲ့သည့် ဦးမြင့်အောင်၊ နိုင်ငံတကာ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု (၃)ခုရရှိခဲ့သည့် ဦးစောဆာလောလနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင် လေ့ကျင့်ရေး ကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူတို့က လက်ဆင့်ကမ်း သယ်ဆောင်ကြသည်။
ထို့နောက် ရထားပျံပေါ်မှ မြားပစ် အားကစားသမား မောင်ဝေလင်းထွန်းက ပင်မမီးရှူးတိုင်ကို မြားဖြင့်ပစ်၍ မီးထွန်းညှိရာ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ဂုဏ်ပြုသည်။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မီးရှူးတိုင်၏ အလင်းရောင်သည် မည်သည့်အခါမျှ မှေးမှိန်သွားမည် မဟုတ်သကဲ့သို့ အရှေ့တောင် အာရှနိုင်ငံများ၏ ချစ်ကြည်ရင်းနှီး ပေါင်းစည်းမှု သည်လည်း ထာဝရ တည်ရှိနေမည်သာ ဖြစ်သည်။
ယင်းနောက် အာဆီယံ နိုင်ငံများမှ အားကစား သမားများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။
ဆက်လက်၍ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ရာ အမျိုးသား အမွေအနှစ် မဟာပုဂံ၊ ပွဲဦးအလင်္ကာ၊ ရွှေနိုင်ငံကကြိုနေမယ်၊ အနာဂတ်ကမ္ဘာမြေ၊ မျိုးဆက်သစ်တို့ အားမာန်၊ သွေးချင်း တို့ဌာနေမြန်မာပြည် အစီအစဉ်များကို တေးသရုပ်ဖော် ကကွက် လှုပ်ရှားမှုများဖြင့် ပုံဖော်တင် ဆက်သည်။
အမျိုးသား အမွေအနှစ် မဟာပုဂံ အစီအစဉ်တွင် ကပြဖျော်ဖြေသူ (၄၀၀)ကျော် ပါဝင်ပြီး အရုဏ်ဦး ကုလားတက်သံ၊ လင်းကြက်တွန်သံ၊ ဗဟိုရ် စည်တီးသံ၊ ဆည်းလည်းသံ၊ ခေါင်းလောင်းသံ၊ ပုဂံတီးလုံး ညှင်းသွဲ့သွဲ့၊ လေတိုက်သံ စသည့် နောက်ခံ အသံများနှင့် ပေါင်းစပ်၍ LED Board တွင် ပုဂံဒေသ၏ အလှတရားများကို ပြသသည်။
ပွဲဦးအလင်္ကာ အစီအစဉ်တွင် ကပြဖျော်ဖြေသူ (၂၀၀)ကျော်ပါဝင်ပြီး မြေဝိုင်း နှစ်ပါးသွားအဆို တီးလုံး၊ ပွဲဦးအလင်္ကာ တီးလုံးအသံတို့နှင့် ပေါင်းစပ်၍ LED Board တွင် တောတန်း ရှုခင်းများ၊ နန်းဆောင်ပုံ၊ ပုပ္ပါးတောင်၊ နှင်းဆီ၊ နေကြာ၊ ဒေလီယာပန်း စသည်တို့ကို ပြသသည်။
ရွှေနိုင်ငံက ကြိုနေမယ်အစီအစဉ်မှာ တစ်ခုတည်းသော အာဆီယံ အသိုက်အဝန်း ဖြစ်လာစေရေး အတွက် မြန်မာနိုင်ငံက အာဆီယံ နိုင်ငံများအား ပူးပေါင်း ပါဝင်ရန် လက်ကမ်း ကြိုဆိုသည့် အဓိပ္ပာယ်ဖြင့် ကပြ ဖျော်ဖြေခြင်း ဖြစ်သည်။ ထိုအစီအစဉ်တွင် ကပြဖျော်ဖြေသူ (၁၉၀၀)ပါဝင်ပြီး အာဆီယံနိုင်ငံများ အလိုက် ကကွက်များကို သရုပ်ဖော် ကပြ ဖျော်ဖြေသည်။ ထိုအချိန်တွင် LED Board တွင် နိုင်ငံအလိုက် အလံနှင့်မြေပုံ၊ Landmark များ၊ နိုင်ငံအလိုက် အကြီးအကဲများ အားပေးနေပုံတို့ကို ပြသသည်။
အနာဂတ်ကမ္ဘာမြေ အစီအစဉ်တွင် သရုပ်ဖော် တင်ဆက်သူ (၄၀၀)ကျော်ပါဝင်ပြီး ကမ္ဘာမြေကြီး စိမ်းလန်း စိုပြည် သာယာနေပုံ၊ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးရပုံ၊ တည်ဆောက်ရေး လုပ်ငန်းများ ဖော်ဆောင်ပုံနှင့် ကမ္ဘာမြေကြီး ပြန်လည် စိမ်းလန်းစိုပြည် သာယာလာပုံတို့ကို LED Board နှင့် Sound Effect များ အသုံးပြုကာ ပုံဖော် တင်ဆက်သည်။
မျိုးဆက်သစ်တို့ အားမာန် အစီအစဉ်တွင် ကပြဖျော်ဖြေသူ (၄၅၀)ပါဝင်ပြီး အေရိုးဗစ်ဝတ်စုံ ရောင်စုံဖြင့် မြူးကြွသည့် တေးဂီတ နောက်ခံ ပေါင်းစပ်ကာ စည်းချက်ညီ လှုပ်ရှားကပြကြသည်။
သွေးချင်းတို့ဌာနေ မြန်မာပြည် အစီအစဉ်တွင် ကပြဖျော်ဖြေသူ (၂၀၀၀)ကျော် ပါဝင်ပြီး တိုင်းရင်းသား ဝတ်စုံများဖြင့် စည်းချက်နှင့်အညီ လှုပ်ရှား ပြသကြသည်။ LED Board တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် မြေပုံများ၊ ရှုခင်းများကို ဟန်ချက်ညီ တင်ဆက်ပြီး ထူးခြားမှု အဖြစ် ပြည်ထောင်စု ပြတင်းပေါက် (၈)ပေါက်ကို ကောင်းကင်ကြိုးဖြင့် နည်းပညာ ပေါင်းစပ် ပြသသည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာပြည် မြေပုံနှင့် Green, Clean & Friendship စာတန်းပုံတို့ကို မမောစတမ်း ပုံဖော်ပြသခဲ့သည်။
ထို့အတူ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သီရိဆွေတို့က "Goal"၊ တေးသံရှင် ဇော်ပိုင်နှင့် ရေဗက္ကာဝင်းတို့က "ရွှေရောင် လက်ခုပ်သံ"၊ တေးသံရှင် မေခလာ၊ စစ်သွေး၊ မင်းယံနှင့် ရှိုင်းဝေလျံ တို့က "မိုးယံထက်က မြန်မာပြည်သား"နှင့် တေးသံရှင် နီနီခင်ဇော်က "Win the Day" တေးသီချင်း များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့သည်။

No comments:

Post a Comment