Sunday, December 15, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်


နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဒီဇင်ဘာ(၁၄)ရက် ဒေသစံတော်ချိန် ညနေ(၃)နာရီ (၂၅)မိနစ်တွင် ဂျပန်နိုင်ငံ နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသည့် ငါးကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေး တက်ရောက်သည်။

ရှေးဦးစွာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆိုအာဘေးနှင့် အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်  H.E. Niwattumrong Boonsongpaisan တို့သည် နိုင်ငံတော်ဧည့်ဂေဟာ Sairan-no-ma ခန်းမ၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ငါးကြိမ်မြောက် မဲခေါင်- ဂျပန်ထိပ်သီးဆွေးနွေးပွဲကို Hagoromo- no-ma ခန်းမ၌စတင် ကျင်းပရာ ဂျပန်နိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် တို့က မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိန့်ခွန်းပြောကြားကြသည်။

နိုင်ငံတော်သမ္မတက ပြောကြားရာတွင် ယခုထိပ်သီးအစည်းအဝေးတွင် မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ လုပ်ဖော်ကိုင်ဖက်များနှင့် ပြန်လည်တွေ့ဆုံပြီး မဲခေါင်ဒေသဖွံ့ဖြိုးရေးအတွက် အမြင်ချင်း ဖလှယ်ခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြို့ပြများဖွံ့ဖြိုးတိုးတက်ရုံဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီဟု ပြော၍ မရပါကြောင်း၊ ပြည်နယ်၊ မြို့နယ်များ၊ နယ်စပ်တစ်လျှောက်ရှိ ကျေးရွာများတိုးတက်ရန် လိုပါကြောင်း၊ အဆိုပါကွာဟချက်ကို ဖယ်ရှားပေးနိုင်ရန်အတွက် အခြားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ (Alternative  Development)နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုပါကြောင်း၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ခြင်းဖြင့် မဲခေါင် နိုင်ငံများနှင့် အခြားအာဆီယံနိုင်ငံများအကြား ကွာခြားမှုကျဉ်းမြောင်းလာမည်ဖြစ်ပါကြောင်း၊ မဲခေါင်ဒေသ နိုင်ငံများသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံများ ဖြစ်သည့်အတွက် လယ်ယာထွက်ကုန်များ ဈေးကွက် ရရှိရေးနှင့် လယ်ယာထွက်ကုန်များ ဖြန့်ဖြူးနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ထိုရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ဂျပန်နိုင်ငံ၏ အားပေးပံ့ပိုးမှု ဆက်လက်ရရှိမည်ဟု မျှော်လင့် ပါကြောင်း၊ မဲခေါင်ဒေသတွင်း အရှေ့-အနောက် စီးပွားရေးစင်္ကြံနှင့် တောင်ပိုင်းစီးပွားရေး စင်္ကြံများကို အကောင်အထည် ဖော်နိုင်ခြင်းအားဖြင့် ဒေသ၏ စီးပွားရေး၊ လူမှုရေးနှင့် ပြည်သူများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှုများ ပိုမိုမြန်ဆန်လွယ်ကူလာမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ထို့ကြောင့် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံ၏ အတွေ့အကြုံ၊ နည်းပညာနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများသည် မဲခေါင်ဒေသနိုင်ငံများအတွက် အလွန်အရေးပါပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ (၇)ကြိမ်မြောက် မဲခေါင်-ဂျပန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၄ခုနှစ် မြန်မာနိုင်ငံတွင် (၄၇)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့်အတူ Imperial  ဟိုတယ် Fuji-no-ma ခန်းမ၌ ကျင်းပသော ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်ဇနီးတို့က တည့်ခင်းဧည့်ခံသည့် နှစ်(၄၀)ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအောင်မြင်စွာ ကျင်းပခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲသို့  တက်ရောက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment