Sunday, December 15, 2013

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့် ၂၀၁၃ခုနှစ် အာဆီယံ အားကစားများနှစ် ဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်အားပေး



နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဒေါ်ခင်အေးမြင့်တို့သည် ယမန်နေ့ညနေ (၆)နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MIဃဃ) ၌ ကျင်းပသည့် ၂၀၁၃ခုနှစ် အာဆီယံ အားကစားများနှစ် ဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ကြည့်ရှုကြသည်။


အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့နှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အာဆီယံနိုင်ငံများမှ သရုပ်ပြ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အားကစား မောင်မယ်များ၊ အာဆီယံနိုင်ငံများ၏ နိုင်ငံအလိုက် အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အဖွင့်အမှာစကား ပြောကြားရာတွင် အာဆီယံနိုင်ငံများအတွင်း  ချစ်ကြည်ရင်းနှီးမှုကို အခြေခံမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ကိုင် ဆောင်ရွက်သွားနိုင်ရေး၊ ၂၀၁၅ ခုနှစ်တွင် တည်ထောင်မည့် အာဆီယံ အသိုက်အဝန်းအတွင်း ပိုမိုကောင်းမွန်မည့် ဆက်ဆံမှုများ ပြုလုပ်ဆောင်ရွက်သွားရေး၊ အာဆီယံနိုင်ငံများအတွင်း ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှုများ ပိုမိုတိုးတက် ခိုင်မာလာစေရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် အာဆီယံနိုင်ငံများကို ကိုယ်စားပြုသည့် ဝတ်စားဆင်ယင်မှုများဖြင့် အနုပညာရှင်များက Sports Year  သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများက မိမိတို့နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှုကို ကိုယ်စားပြုသည့် အဆို၊ အကများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက်ကြရာ ဧည့်ပရိသတ်များက စိတ်ဝင်တစား ကြည့်ရှုအားပေး ကြသည်။
အလားတူ အိမ်ရှင်မြန်မာနိုင်ငံ၏ ရိုးရာအကများ ဖြစ်ကြသော ဆီမီးခွက်ယိမ်းအက၊ ထာဝရမြန်မာ ယိမ်းအကများ ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက နှစ်ခြိုက်သဘောကျစွာ ကြည့်ရှုအားပေးကြသည် ကိုလည်း တွေ့မြင်ရသည်။
နိုင်ငံအားလုံး ဖျော်ဖြေမှုအပြီးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးမှ အနုပညာရှင်များစုပေါင်း၍ Sports Yearသီချင်းကို စုပေါင်းအကဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူတို့က နိုင်ငံအလိုက်သီဆို ကပြဖျော်ဖြေကြသည့် အနုပညာရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အာဆီယံ နိုင်ငံများမှ အနုပညာရှင်များနှင့် အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြသည်။
အခမ်းအနား အပြီးတွင် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment