Sunday, December 15, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှစ်(၄၀)ပြည့် အာဆီယံ- ဂျပန် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်





နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ(၁၄)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီ(၄၅)မိနစ်တွင် ဂျပန်နိုင်ငံ နိုင်ငံတော် ဧည့်ဂေဟာ၌ ကျင်းပသည့်နှစ်(၄၀)ပြည့် အာဆီယံ-ဂျပန်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘရူးနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်ဆူလ်တန် ဟာဂျီဟာဆာနာ ဘိုကီးယား မူအစ်ဇါဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဒေါက်တာဆူ စီလိုဘမ်ဘန်းယူဒိုယိုနို၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ဆရီ မိုဟာမက် နာဂျစ်ဘင်တွန်း အဗ္ဗဒူလ်ရာဇတ်၊ ဖိလစ်ပိုင်သမ္မတ နိုင်ငံသမ္မတ မစ္စတာဘီနင်နို အကွီနို၊ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Niwattumrong Boonsongpaisan နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား Main Garden ၌ကြိုဆိုနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
 
နှစ်(၄၀)ပြည့် အာဆီယံ- ဂျပန်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်ဧည့်ဂေဟာ Hagoromo-no-ma ခန်းမ၌ ဆက်လက်ကျင်းပရာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆို အာဘေးနှင့်အာဆီယံ ခေါင်းဆောင်များက အသီးသီးမိန့်ခွန်းပြောကြားကြပြီး ထိပ်သီးအစည်းအဝေးကိုဖွင့်လှစ်ပေးကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုတို့ကို အခြေခံထားသည့် အာဆီယံ-ဂျပန်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးနှစ်(၄၀)ပြည့် အထိမ်းအမှတ် ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုထိပ်သီး အစည်းအဝေးက အနာဂတ်တွင် အာဆီယံ-ဂျပန်ချစ်ကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေသည့် ရလဒ်ကောင်းများပေါ်ထွက်လာမည်ဟု မျှော်လင့်ပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် မူဘောင်များချမှတ်ရန် လိုအပ်ပါကြောင်း၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များသည် မိမိတို့အလေးထားရမည့် ကိစ္စဖြစ်ပါကြောင်း။
အာဆီယံ-ဂျပန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံ(၂၀၁၂-၂၀၁၃)( ASEAN- Japan Strategic Economic Cooperation Roadmap) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရရှိပြီးဖြစ်သည့်တိုးတက်မှုများကို အသိအမှတ်ပြုပြီး ထိုတိုးတက်မှုများမှတစ်ဆင့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive  Economic Partnership, RCEP) အောင်မြင်စေရန် အတွက် လမ်းဖွင့်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟခြင်း၊ အခြေခံ အဆောက်အအုံများ လုံလောက်စွာ မရှိခြင်း၊ ဝင်ငွေကွာဟမှုများနှင့် ကျေးလက်နှင့်မြို့ပြဒေသ ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်း၊ စွမ်းအင်မလုံလောက်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများ၊ သဘာဝဘေးဒဏ်စသည့် စိန်ခေါ်မှု များကို လက်တွဲရင်ဆိုင်သွားရန် လိုအပ်ပါကြောင်း၊ အာရှ- ပစိဖိတ်ဒေသသည် သဘာဝဘေးဒဏ်အန္တရာယ် ကျရောက်မှုများသည့် ဒေသဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ အာဆီယံ-ဂျပန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ထိန်းချုပ်မှု၊ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန်အတွက် ကွန်ရက်ဖွဲ့စည်းခြင်း၊ ဆွေးနွေးခြင်းများနှင့် သဘာဝ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံနိုင်သည့် အာဆီယံအသိုက်အဝန်းထူထောင်ရန် ဂျပန်နိုင်ငံ၏ အဆိုပြုမှုကို ကြိုဆိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက် အဏုမြူလက်နက် ကင်းမဲ့စေရေး ကြိုးပမ်းမှုကို အပြည့်အဝ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုများကို  အမြဲထောက်ခံပါကြောင်း၊ အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မျှော်မှန်းချက် ကြေညာချက်(Vision Statement on ASEAN- Japan Friendship and Cooperation)၊ ထိုကြေညာချက်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်နှင့် ပူးတွဲကြေညာချက် များကို ယခုထိပ်သီးအစည်းအဝေးက အတည်ပြုခြင်းကို အပြည့်အဝထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အာဆီယံနိုင်ငံများနှင့် အတူ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများကို အထူးကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တိုကျိုမြို့ KEIDANREN Kaikan ရှိ Golden ခန်းမ၌ ဂျပန်-အာဆီယံစီးပွားရေးအဖွဲ့အစည်းများ၏ ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ တက်ရောက်သည်။
အစီအစဉ်အရ  KEIDANREN Mr. Hiromasa  Yonekura က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့က ဂုဏ်ပြုအမှာစကား ပြောကြား၍ ဂျပန်နိုင်ငံ ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Mr. Akio Mimura က ကျေးဇူးတင်စကား ပြောကြားကာ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် နှစ်(၄၀)ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment