Wednesday, December 4, 2013

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော် ဟိုတယ်ဇုန် သင်္ဂဟဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားရာတွင် ဝန်ကြီးဌာနက ဦးဆောင်ပြီး “မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေ”နှင့် အမျိုးသားအဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းစီမံချက်၂၀၁၄-၂၀၁၉ ရေးဆွဲလျက် ရှိပါကြောင်း၊
မသန်စွမ်းသူတွေ အတွက် အထူးကျောင်း ခြောက်ကျောင်း ဖွင့်လှစ်ထားရှိပြီး ဖြစ်သော်လည်း ပိုမိုပြည့်စုံစွာ ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးမြို့၌ မသန်မစွမ်း သက်ငယ် သင်တန်းကျောင်း တစ်ကျောင်းနှင့် ရန်ကုန်မြို့တွင် နားမကြားသော ကလေးများအတွက် တစ်ကျောင်းတို့ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်နှင့် မသန်စွမ်းသူများ ကြွင်းကျန်မှု မရှိဘဲ အားလုံးပါဝင် ဖြေဆိုနိုင်ရန်နှင့် သန်းခေါင်စာရင်း၏ အရေးပါမှုကိုလည်း နားလည် သဘော ပေါက်အောင် အသိပညာပေး ဆွေးနွေးကြရန် မှာကြားလိုပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၇)ကြိမ် မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲကြီးတွင် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် လေ့ကျင့်ယှဉ်ပြိုင် အနိုင်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားကြစေ လိုပါကြောင်း၊ “လူတိုင်း အကျုံးဝင် ပါဝင်ဖို့၊ အတားအဆီးရပ်လို့ တံခါးဖွင့်စို့”ဆိုသည့် ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်အတိုင်း ပြောင်းလဲလာသော ခေတ်သစ် စနစ်သစ်နှင့် အညီ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် မသန်စွမ်းသူများ အားလုံးပါဝင်ပြီး အတားအဆီးများကို ဖယ်ရှားကာ ပွင့်လင်းမြင်သာသော အတွေးသစ်၊ အမြင်သစ်များဖြင့် ပြတင်းပေါက် တံခါးများကို ပိုမို ဖွင့်လှစ်နိုင်အောင် တက်ရောက် လာကြသူများအားလုံး ပူးပေါင်းဆောင်ရွက် ပေးစေ လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် UNDP ဌာနေ ညွှန်ကြားရေးမှူး Mr.Toily Kurbanov က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က အတားအဆီး ကင်းသော ပတ်ဝန်းကျင် ဖန်တီးမှု၊ အခြေခံပညာ သင်ကြားမှု၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု၊ တစ်နှစ်တာ လှုပ်ရှား ဆောင်ရွက်မှုနှင့် ထူးချွန်အားကစားဆုတို့မှ အထူးဆုများကို လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးမောင်က အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ ဆုများကိုလည်းကောင်း၊ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲဆုများကို လည်းကောင်း၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက အထက်တန်းအဆင့် ဆောင်းပါး ပြိုင်ပွဲဆုများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဒေါ်စုစုလှိုင်က အလယ်တန်း အဆင့် ဆောင်းပါး ပြိုင်ပွဲဆုများကို လည်းကောင်း၊ UNDP ဌာနေညွှန်ကြားရေးမှူး Mr.Toily Kurbanov မူလတန်းအဆင့် ဆောင်းပါး ပြိုင်ပွဲ ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မသန်စွမ်းသူ တစ်ဦးက နားမကြားသူများ အတွက် ဘာသာစကား (Sign Language)ဖြင့် ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ၂၀၁၃ ခုနှစ် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသပြီး တက်ရောက် လာသူများမှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြခန်းငယ်ကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment