Wednesday, December 4, 2013

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရှမ်းနှစ်သစ်ကူး ပွဲတော် နှစ်သစ် မင်္ဂလာ အခမ်းအနား တက်ရောက်


နေပြည်တော် ဒီဇင်ဘာ ၃
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားအနီးရှိ ဆင်းရွှေလီ ကဇာတ်ရုံ၌ ပြုလုပ်သည့် ရှမ်းနှစ်၂၁၀၈ခု ရှမ်းရိုးရာ နှစ်သစ်ကူး ပွဲတော် နှစ်သစ် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကာ နှုတ်ခွန်းဆက် စကား ပြောကြား သည်။

ထိုသို့ ပြောကြားရာတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်း (၁၀၀)ကျော် တို့သည် ရှေးနှစ်ပေါင်း များစွာကပင် အေးအတူ၊ ပူအမျှ နေထိုင်လာကြပြီး နှစ်သစ်ကူးကို ပုံစံ အမျိုးမျိုးဖြင့် ကြိုဆိုကြပါကြောင်း၊ နှစ်ဟောင်းက ရရှိသည့် သင်ခန်းစာဖြင့် နှစ်သစ်တွင် အောင်မြင်အောင် စိတ်သစ်၊ လူသစ်၊ စိတ်ကူးသစ်၊ ဆုံးဖြတ်ချက်အသစ် စသည့်အသစ်၊ အသစ်ပေါင်း များစွာ မျှော်လင့်ချက် များစွာနှင့်အတူ ကူးပြောင်း ကြပါကြောင်း။
ယခု ကျင်းပသည့် လားရှိုးမြို့ ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး နှစ်သစ်ကူး ပွဲတော်ကို ၁၉၉၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ယခုဆိုလျှင် (၁၇)နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ ခေတ်စနစ်၏ ပြောင်းလဲမှု ရလဒ်ကို မိဘပြည်သူများ သိရှိပြီး ဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် အများအကျိုး သယ်ပိုး ဆောင်ရွက်သူများကို ရှေ့တန်း တင်သည့်ခေတ် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒနှင့်အညီ အရည်းအချင်း ရှိသူ၊ ကိုယ်ကျိုး စွန့်သူ၊ ဒေသကို ဦးဆောင် ဦးရွက် ပြုနိုင်မည့်သူကို ရွေးချယ်နိုင်ပြီ ဖြစ်ပါကြောင်း၊ ယနေ့ ကာလကို ကြည့်လျှင် ငြိမ်းချမ်းရေး အတွက် အတော်အသင့် ခရီး ရောက်နေပြီ ဖြစ်ပြီး မကြာမီ ကာလတွင် ထာဝရ ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု မျှော်လင့်နေကြပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် အတူ၊ ရရှိလာသည့် လွတ်လပ်မှု အသစ်ပေါင်း များစွာနှင့်အတူ နိုင်ငံတကာ အဆင့်မီသည့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် စေနိုင်သော နှစ်သစ် မင်္ဂလာ ဖြစ်ပါစေဟု အလေးအနက် ဆန္ဒပြု အပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယ သမ္မတသည် ရိုးရာ ယဉ်ကျေးမှု ပဒေသာ ကပွဲနှင့် ဌာနဆိုင်ရာ ပြခန်းများ၊ ယဉ်ကျေးမှု ပြခန်းများကို ကြည့်ရှု အားပေးကာ ဒေသခံများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ရှမ်းနှစ်သစ်ကူးပွဲကို သာသနာတော် နှစ်(၄၅၀)တွင် စတင် ကျင်းပ လာခဲ့ကြောင်း၊ ရှမ်းနှစ်သစ်ကူး နေ့ကို မြန်မာ ပြက္ခဒိန်အားဖြင့် နတ်တော်လဆန်း (၁)ရက်နေ့ကို သတ်မှတ် ထားကြောင်း၊ နှစ်သစ်ကူး ရိုးရာပွဲတွင် နှစ်သစ်ကို ကြိုဆိုခြင်း၊ နှစ်သစ် ကောင်းမှု ကုသိုလ် ပြုခြင်း၊ နှစ်သစ် ကောက်သစ် စားခြင်း၊ နှစ်သစ်ရိုးရာ ပျော်ရွှင်မှု တို့ဖြင့် ရိုးရာပွဲများ ကျင်းပ ဆင်နွှဲကြကြောင်း၊ နှစ်သစ် ကူးခြင်းသည် လူတစ်ဦးချင်းစီ၏ စိတ်တွင်း၌ အမြဲသစ်လွင် စိမ့်ဝင်စေခြင်းဖြင့် မိသားစုမှ ရပ်ကွက်၊ ရပ်ကွက်မှ မြို့နယ်၊ မြို့နယ်မှ ပြည်နယ် အဆင့်ဆင့် ဖြန့်ကြက် ပွားများစေသင့် သည်ဟု မှတ်ယူ အပ်ကြောင်း သိရသည်။
ထို့ပြင် ဒုတိယသမ္မတသည် ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦး စေတီတော် လိုဏ်ဂူအတွင်း ဆရာတော်ကြီး များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး သံဃာတော် အပါး(၅၀)အား နှစ်သစ် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယ သမ္မတသည် ပြည်သူ့ ဆေးရုံ၌ မျက်စိ ခွဲစိတ် ကုသမှု ခံယူခဲ့သော လူနာများအား ကြည့်ရှု အားပေးခဲ့ပြီး လားရှိုး ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးက ပြည်သူ့ဆေးရုံ ဝန်ထမ်း အိမ်ရာ တိုးချဲ့ ဆောက်လုပ်ရန် လျာထားမှုများအား မြန်မာနိုင်ငံ ဆရာဝန် အသင်း (လားရှိုး) ခန်းမဆောင်၌ ရှင်းလင်း တင်ပြသည်။
ရှင်းလင်း တင်ပြချက်အပေါ် ဒုတိယသမ္မတက နိုင်ငံတော် အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များကို ယခင်ကထက် ပိုမို တိုးမြှင့် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေး ကဏ္ဍကို ကြည့်မည် ဆိုလျှင် ယခင်ကထက် လေးဆခန့် ပိုမို ခွင့်ပြု ပေးခဲ့သော်လည်း အသုံးစရိတ် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်ကို သိရှိရပါကြောင်း၊ ယမန်နှစ်က ဆေးဝါး အမြောက်အမြား ဝယ်ယူထားပြီး ဖြစ်သည့်အတွက် ဆေးဝါး လုံလောက်မှု ရှိလာသော်လည်း ဆေးရုံ အဆောက်အအုံများ အတွက် အသုံးစရိတ် လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ ဤဆေးရုံကြီးရှိ ဝန်ထမ်း အိမ်ရာများတွင် ဝန်ထမ်းအင်အား၏ သုံးပုံ တစ်ပုံခန့်ကိုသာ နေရာ ချထားပေးနိုင်ပြီး အိမ်ရာများ၏ သက်တမ်း သည်လည်း နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အချို့ကို မွမ်းမံ ပြင်ဆင်၍ အချို့ကို အသစ် ဆောက်လုပ် နိုင်ရန် စီမံချက်ချ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နောင်တိုင်းပြည် စီးပွားရေး ပိုမို တိုးတက်လာပါက ယခုထက် ပိုမိုတိုးတက် ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အပိုင်းကမူ တတ်နိုင်သမျှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယ သမ္မတသည် သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်း၌ မျက်စိ၊ သွားနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ  ကုသပေးနေမှုအား ကြည့်ရှု အားပေးကာ မိုင်းရယ်၊ သိန်းနီနှင့် လားရှိုးမြို့တို့မှ ဆေးဝါး လာရောက် ကုသသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယ သမ္မတသည် နားမခေါ် အဆင့်မြင့် အဝေးပြေး ယာဉ်ရပ်နား စခန်း စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ လားရှိုးမြို့ မြို့ကွက်သစ်အမှတ်(၁) စီမံကိန်း ဖော်ထုတ် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးက ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ဖြည့်စွက် တင်ပြကာ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် မြို့ကွက်သစ် ဖော်ထုတ်ထားမှုကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုခဲ့သည်။

No comments:

Post a Comment